Thursday, April 6, 2023

သဘာဝရေအရင်းအမြစ်များကို စနစ်တကျထိရောက်စွာအသုံးချ

 


မြန်မာနိုင်ငံသည် သဘာဝရေအရင်းအမြစ်များ ပေါများကြွယ်ဝသောနိုင်ငံ ဖြစ်သည်။ သဘာဝမြစ်ချောင်းအင်းအိုင်နှင့် ရေထွက်များပေါများသည်။ နှစ်စဉ် ရေအရင်းအမြစ်များမှ ရေကောင်းရေသန့်များ ရရှိနိုင်သည့်ပမာဏသည် အာဆီယံနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက အရင်းအမြစ် ဒုတိယအပေါများဆုံးနိုင်ငံဖြစ်သည်။ ၂၀၁၁ ခုနှစ်  မှတ်တမ်းများအရ အာရှတိုက်တွင် တရုတ်၊  အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံပြီးလျှင် ပဉ္စမမြောက်အရင်းအမြစ်ပေါများသည့်  နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံတွင် မြစ်ကြီးလေးသွယ်အပါအဝင် မြစ်ချောင်းကွန်ရက်များမှတစ်ဆင့် နှစ်စဉ်ရေချိုဧကပေသန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိသော်လည်း စီးဆင်းလျက်ရှိသည့် ရေချိုပမာဏ၏ ငါးရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးရေ၊ အိမ်သုံးရေနှင့် စက်မှုသုံးရေအဖြစ် သုံးစွဲနိုင်သေးသည်ကို တွေ့ရသည်။ ထို့ကြောင့် ရေအရင်းအမြစ်များကို အခြေခံသည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အလားအလာကောင်းများရှိနေသည်။ ရေချိုအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေစေရန်၊ ရေဝေရေလဲဒေသသစ်တောများ ထိန်းသိမ်းရန်နှင့် ရေထုညစ်ညမ်းမှုမရှိစေရေးတို့ကို ထိရောက်စွာဆောင်ရွက်သွားရန်  အရေးကြီးသည်။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ (/၂၀၂၃) အစည်းအဝေးတွင်ရေသည် အလွန်အဖိုးတန်သည့် အရင်းအမြစ်ဖြစ်ပြီး နောင်လာနောက်သားအဆက်ဆက် လူသားများအပါအဝင် သက်ရှိသတ္တဝါများ ရှိနေသမျှကာလပတ်လုံး ရေရှည်သုံးစွဲသွားကြရမည်ဖြစ်သည့်အတွက် ရေအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်း အသုံးပြုသွားကြရန်လိုအပ်ပြီး လူတိုင်းရေရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းတိုက်တွန်းပြောကြားခဲ့သည်။

မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်ကြောင့် ကမ္ဘာတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ နွေရာသီတွင် အပူလွန်ကဲစွာ မြင့်တက်ခြင်း၊  အင်အားပြင်းထန်သည့်  ဆိုင်ကလုန်းမုန်တိုင်းများတိုက်ခတ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့နေရသည်။ ကမ္ဘာတစ်ဝန်းတွင် ရေကြီး ရေလျှံမှု၊ မိုးခေါင်ရေရှားမှုပြဿနာများနှင့် ကြုံတွေ့နေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၂၀၂၂ ခုနှစ် လေ့လာမှုများအရ နှစ်စဉ် လူ   ဒသမ သန်းသည် မသန့်ရှင်းသောရေကြောင့် ဖြစ်ပေါ်ရသည့်ရောဂါများနှင့် သေဆုံးနေကြရပြီး လူဦးရေ ၇၄ သန်းခန့်သည် တဖြည်းဖြည်းနှင့် သက်တမ်းတိုတောင်းလာကြောင်း တွေ့ရှိထားသည်။ ၂၀၁၁ ခုနှစ် စာရင်းအရ ကမ္ဘာအနှံ့အပြားတွင် လူသန်း ၂၀၀၀ ခန့်သည် ဘေးကင်းစိတ်ချရသည့် သောက်သုံးရေ မရရှိသေးပေ။ ကမ္ဘာ့လူဦးရေတစ်ဝက်ခန့်သည် သန့်ရှင်းသည့် မိလ္လာစနစ်မရှိသေးဟု ဖော်ပြထားသည်။ ထို့ကြောင့် အလွန်အရေးပါသည့် သန့်ရှင်းသောရေ ဖြည့်ဆည်းပေးရန် ကြိုးပမ်းဆောင်ရွက်နေကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီကိုဖွဲ့စည်းထားပြီး ကော်မတီအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်မူဝါဒများ ချမှတ်ရေး၊ မြို့ပြနှင့် ကျေးလက်များတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ စက်မှုလုပ်ငန်းများအတွက် သုံးစွဲရန်လိုအပ်သည့် ရေချိုရရှိရေး၊ မြစ်ချောင်းများအတွင်း အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ မြစ်ချောင်းများအတွင်း စီးဝင်မည့် စွန့်ပစ်ရေများကို စနစ်တကျသန့်စင်ပြုပြင်ပြီးမှသာ  စွန့်ပစ်ရေးတို့ကို ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ရေအရင်းအမြစ်များရှိသော်လည်း စနစ်တကျ အသုံးပြုလုပ်ဆောင်ခြင်းမရှိသောကြောင့် ရေရှိသော်လည်း အချည်းနှီးအကျိုးမဲ့ ဖြစ်စေသည်။ အကျိုးပြုသောရေအရင်းအမြစ်များ လျော့နည်းလာသည်။ လူသတ္တဝါများကို အကျိုးမပြုဘဲ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာသည်။

မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များပေါများသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဒေသအချို့တွင် ရေအခက်အခဲများရှိနေသေးသည်။ ရေအခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်နှင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်ရန် ရေသည်အခြေခံကျသည့် အရေးကြီးသောကဏ္ဍဖြစ်သည်။ ထို့ကြောင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိစေမည့် ရေကဏ္ဍဖွံ့ဖြိုးစေရေး၊ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုများ စနစ်တကျ လုပ်ဆောင်စေရေး၊ နိုင်ငံတကာနှင့် ရေဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက်  ရှေ့သို့ဆက်လက် ဆောင်ရွက်သွားကြရန် နိုင်ငံတော်အကြီးအကဲက တိုက်တွန်းထားသည်။

သို့ဖြစ်ရာ ရေအရင်းအမြစ်များ ပေါများကြွယ်ဝသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်သူများနှင့်  သက်ရှိသတ္တဝါမျိုးစိတ်များအားလုံး ရှင်သန်ဖွံ့ဖြိုးရေးအတွက် ရှိရင်းစွဲရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်၍ စနစ်တကျစီမံခန့်ခွဲပြီး အကျိုးရှိစွာအသုံးပြုရန် တိုက်တွန်းအပ်ပါကြောင်း။   

No comments:

Post a Comment