နေပြည်တော် ဧပြီ ၅
“ဘုရားရှင်ကို ချစ်ကြည်ညိုက သူအိုသူနာအနာထာကို မေတ္တာပို၍ ရိုသေလေးမြတ် လုပ်ကျွေးအပ်၏” ဟူသည့် ဘုရားဟောတရားနှင့်အညီ နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော် ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိကု ဆရာဝန်ပါရဂူကြီးများက ယနေ့နံနက်ပိုင်းတွင် သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ စတင်၍ အခမဲ့ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ မျက်စိအခမဲ့စမ်းသပ်ကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပထမ အကြိမ်စတင်ကုသပေးခြင်းဖြစ်ပြီး ဒဂုံမြို့သစ် ၄ မြို့နယ်မှ မျက်စိဝေဒနာရှင်များအား မျက်စိကုကျွမ်းကျင် ဆရာဝန်ပါရဂူကြီးများက ပထမနေ့အဖြစ်ကုသပေးရာ ယနေ့တွင် အခမဲ့စမ်းသပ်ကုသပေးသူ ၃၄၄ ဦး၊ ခွဲစိတ်ကုသပေးရန် ၉၆ ဦးရှိကြောင်း၊ လာရောက်ဆေးကုသမှုခံယူသူများအား အာဟာရဒါနကျွေးမွေးခဲ့ကြောင်းနှင့် ကုသမှုများကို ဧပြီ ၁၀ ရက်အထိ အခမဲ့စမ်းသပ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့အနေဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ သီတဂူစက္ခုဒါနဆေးရုံ ၄၄ ရုံဖွင့်လှစ်ပြီး မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ၁၉၉၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ မျက်စိစမ်းသပ်ကုသခံယူသူ ၅၄၈၅၀၄ ဦးနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူသူ ၁၀၅၂၃၄ ဦးရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment