Tuesday, April 18, 2023

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 


ပုသိမ် ဧပြီ ၁၈

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် ၊ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တပ်မ‌တော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။‌






ရှေးဦးစွာ အကြီးတန်းနှင့်အငယ်တန်းယိမ်းပြိုင်ပွဲများတွင် နှစ်သိမ့်ဆုရရှိသည့် ယိမ်းအဖွဲ့များနှင့် အထူးဆုရရှိသည့် ယိမ်းအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများကလည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် အုပ်စု (၃) ကိုယ်စားပြု ပိတောက်မေယိမ်းအဖွဲ့နှင့် အကြီးတန်းယိမ်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုယိမ်းအဖွဲ့တို့အား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီးကလည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အုပ်စု (၅) ကိုယ်စားပြု ရွှေကိန္နရီမေယိမ်းအဖွဲ့နှင့် အကြီးတန်းယိမ်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပုသိမ်တက္ကသိုလ်ကိုယ်စားပြု လှပျိုဖြူယိမ်းအဖွဲ့တို့အား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးကလည်းကောင်း၊အငယ်တန်းနှင့် အကြီးတန်းသင်္ကြန်မယ်ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အငယ်တန်းယိမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အုပ်စု (၁) ကိုယ်စားပြု သင်္ကြန်ရွှေစင် ပုဂံမေခင်ယိမ်းအဖွဲ့၊ အကြီးတန်းယိမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် စည်ပင်သာယာရေးအဖွဲ့ကိုယ်စားပြု လင်းလက်မေယိမ်းအဖွဲ့တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ဆက်လက်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲတွင်ပထမဆုရရှိသော ယိမ်းအဖွဲ့များနှင့် ဆုရရှိသောသင်္ကြန်မယ်များ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှသစ်ဆုမွန်​ကောင်း​တောင်း၍ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းကြောင်းကြေငြာပေးပြီး ယိမ်းအဖွဲ့များက "မန်းတောင်ရိပ်ခို"သီချင်းဖြင့် စုပေါင်းကပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များနှင့်ပြည်သူများအား အတာရေများ ပက်ဖျန်းပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် (၁၀) ခု၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၂၂) ဖွဲ့၊ ဖျော်ဖြေရေးယိမ်းအဖွဲ့ (၁၈) ဖွဲ့တို့ဖြင့် သင်္ကြန်ကာလအတွင်း ယှဉ်ပြိုင်​ဖျော်​ဖြေခဲ့ကြပြီး ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ရန်အတွက် လမ်းလျှောက်သင်္ကြန်အား ယခုနှစ်တွင် ထည့်သွင်းကျင်းပပေးခဲ့ကာ လမ်းလျှောက်သင်္ကြန်တွင် ‌လာရောက်ရေကစားသူများအား စတုဒီသာများဖြင့်လည်း နေ့စဉ်ကျွေးမွေးဧည့်ခံပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)

No comments:

Post a Comment