Monday, April 3, 2023

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆဋ္ဌမနေ့ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဧပြီ ၂

တက္ကသိုလ်ဘောလုံးသမားများ၏ အောင်မြင်သော သမိုင်းအစဉ်အလာကို ထိန်းသိမ်းဆောင်ရွက် ရန်၊ ကျောင်းသားများ၏ ဉာဏစွမ်းရည်သာမက ကာယစွမ်းရည် ကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု၊ စည်းလုံးညီညွှတ်မှု၊ အသင်းအဖွဲ့ဖြင့် ပူပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်ရည်ရွယ်၍ ကျင်းပလျက်ရှိသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဆဋ္ဌမနေ့အုပ်စုပွဲစဉ်များကို ယနေ့တွင် ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၃ ၌ အုပ်စု ၁ ကွန်ပျူတာတက္ကသိုလ် (အထက် မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း (က) မန္တလေးကွန်ပျူတာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ် (ပင်လုံ၊ ဗန်းမော်) နှင့် အသင်း (ဂ) ကွန်ပျူတာတက္ကသိုလ် (မကွေး၊ မိတ္ထီလာ) တို့ ယှဉ်ပြိုင် ကစားကြရာ အသင်း (ဂ) က အသင်း (က)ကို  လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ညနေပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ၁ ၌ အုပ်စု ၃ နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(ဂ) နည်းပညာတက္ကသိုလ် (မန္တလေး၊ ရတနာပုံဆိုက်ဘာစီးတီး၊ ကလေး၊ မုံရွာ၊ စစ်ကိုင်း) နှင့် အသင်း(ဃ) နေပြည်တော်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ၊ ရမည်းသင်း) တို့မှ ကျောင်းသားအားကစား သမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းပွဲစဉ်တွင် အသင်း (ဃ) က အသင်း(ဂ) ကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၂ ၌ ယနေ့ပြိုင်ပွဲ မယှဉ်ပြိုင် သည့် အသင်းများ လေ့ကျင့်နေမှုကိုကြည့်ရှုပြီး ကျောင်းသား အားကစားသမားများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၃ ၌ အုပ်စု ၃ နည်းပညာတက္ကသိုလ် ပွဲစဉ်များဖြစ်သည့် အသင်း(က) မန္တလေးနည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား၊ ဗန်းမော်၊ မကွေး၊ ပခုက္ကူ) နှင့် အသင်း(ခ) နည်းပညာတက္ကသိုလ် (ကျောက်ဆည်၊ တောင်ကြီး၊ လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ)တို့ ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲအပြီးတွင် ကျောင်းသားအားကစား သမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ယင်းပွဲစဉ်တွင် အသင်း(က)က အသင်း(ခ) ကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment