Monday, April 3, 2023

မူပိုင်ခွင့်ဆိုင်ရာအငြင်းပွားမှုများအတွက် မူပိုင်ခွင့်တရားရုံး

တင်နွယ်စိုး

မြန်မာနိုင်ငံတွင် ဉာဏပစ္စည်းမူပိုင်ခွင့်များ အကာအကွယ်ပေးရန် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စာပေအနုပညာ မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပ‌ဒေတို့ ပြဋ္ဌာန်း ပြီးဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ပြည်ထောင်စုဥပဒေအမှတ် ၃ ဖြင့် ပြဋ္ဌာန်းခဲ့သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင် အာဏာတည်ပြီဖြစ်ပါသည်။

မူပိုင်ခွင့် အကာအကွယ်ပေးသည့် စနစ်သစ်တွင် ပေါ်ပေါက်လာမည့် မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကို ‌စီရင်ဆုံးဖြတ်မည့် မူပိုင်ခွင့်တရားရုံးများသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာခဲ့ပါသည်။

မူပိုင်ခွင့်တရားရုံးများနှင့် စီရင်ပိုင်ခွင့်

မူပိုင်ခွင့်တရားရုံး ဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို စစ်ဆေးစီရင်ရန် ဥပဒေအရတည်ထောင်သော တရားရုံးသို့မဟုတ် မူပိုင်ခွင့်ရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားသည့် တရားရုံးကိုဆိုလိုသည်။

မူပိုင်ခွင့်ဥပဒေများတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် သင့်လျော်သောနယ်မြေဒေသတွင် မူပိုင်ခွင့်တရားရုံးများ တည်ထောင်ခြင်း၊ တရားသူကြီး များခန့်အပ်ခြင်း၊ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များအပ်နှင်းခြင်း၊ မူပိုင်ခွင့်တရားရုံးများကို တည်ထောင်ခြင်းမပြုမီ သင့်လျော်သော တရားရုံးအား မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာအပ်နှင်းခြင်း၊ အယူခံမှု၊ ပြင်ဆင်မှုများအပေါ် စီရင်ပိုင်ခွင့်အာဏာ သတ်မှတ်ပေးခြင်း၊ စီမံခန့်ခွဲရေးအာဏာပိုင်၏ ဆုံးဖြတ်ချက်များအပေါ် တင်သွင်းသည့် လျှောက်ထားမှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့် အာဏာအပ်နှင်းခြင်းတို့ ဆောင်ရွက်ရန် ပြဋ္ဌာန်းထားပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများကို စစ်ဆေးစီရင်ရန် သင့်လျော်သည့်နယ်မြေဒေသတွင် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို ၂၄-၃-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာများဖြင့် အပ်နှင်းပြီးဖြစ်ပါသည်။

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ ရာဇဝတ်မှုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများနှင့် ခရိုင်တရားရုံးများကလည်းကောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ချိုးဖောက်မှုဆိုင်ရာ တရားမမှုများနှင့် ယာယီအရေးယူဆောင်ရွက်ပေးရန် လျှောက်ထားမှုများကို ကျောက်တံတား ခရိုင်တရားရုံးက လည်းကောင်း၊ ရာဇဝတ်ဆိုင်ရာအယူခံ၊ ပြင်ဆင်မှုများကို တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များကလည်းကောင်း၊ တရားမဆိုင်ရာအယူခံ၊ ပြင်ဆင်မှုများနှင့် အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများ၊ အကောက်ခွန်ဦးစီးဌာန၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က လည်းကောင်းဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ ကျင့်သုံးဆောင်ရွက်မည်ဖြစ်ပါသည်။

အဆိုပါတရားရုံးများတွင် မူပိုင်ခွင့်ဆိုင်ရာအမှုများ ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် မူပိုင်ခွင့်ဆိုင်ရာ အထူးဌာနခွဲများထားရှိ၍ အမှုလက်ခံခြင်း၊ စီရင်ပိုင်ခွင့်ရှိတရားသူကြီးများက အမှုစစ်ဆေးစီရင်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပါသည်။

စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များ

မူပိုင်ခွင့်တရားရုံးသည် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းအတွက် အရေးယူ ဆောင်ရွက်ရာတွင် ဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိလျှင် သက်သေခံအက်ဥပဒေ၊ ရာဇဝတ်ကျင့် ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် အခြားစပ်ဆိုင်သည့် တည်ဆဲဥပဒေတို့ပါ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်သည့် တရား စီရင်ရေးဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်သုံးမည် ဖြစ်ပါသည်။

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ” ကို ၂၄-၃-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

စီရင်ပိုင်ခွင့်ရှိ တရားရုံးများသည် သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ ရာဇဝတ်မှုများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ချိုးဖောက်မှုဆိုင်ရာ တရားမမှုများနှင့် ယာယီအရေးယူ ဆောင်ရွက်ပေးရန် လျှောက်ထားမှုများ၊ အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများ၊ အကောက်ခွန်ဦးစီးဌာန၏ ဆုံးဖြတ်ချက် အပေါ်လျှောက်ထားမှုများကို လက်ခံစစ်ဆေး ဆောင်ရွက်မည်ဖြစ်ပါသည်။

မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအရစွဲဆိုသည့် တရားမမှုများနှင့် ရာဇဝတ်မှုများတွင် ထိရောက်သော မှုခင်းစီမံခန့်ခွဲမှု ဆောင်ရွက်ရန် “မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ” ကို လိုက်နာကျင့်သုံးမည်ဖြစ်ပါသည်။ အဆိုပါ လုပ်ထုံး လုပ်နည်းများကို ကျင့်သုံးခြင်းဖြင့် မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာဖြေရှင်းခြင်း၊ အချိန်နှင့်တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ခြင်း၊ မှုခင်းများ မကြန့်ကြာစေခြင်း စသည့်ရလဒ်များ ရရှိစေနိုင်မည် ဖြစ်ပါသည်။

တရားရုံးက ဦးဆောင်၍ စေ့စပ်ဖြေရှင်းဆောင်ရွက်ခြင်း

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ချိုးဖောက်မှုဆိုင်ရာ တရားမမှုများသည် ကူးသန်းရောင်းဝယ်ရေး မှုခင်းအမျိုးအစားတွင် ပါဝင်ပါသည်။ အမှတ်တံဆိပ် အငြင်းပွားသူ ပုဂ္ဂိုလ်များအကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို နှစ်ဦးနှစ်ဖက် ချစ်ကြည်စွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ဖြစ်စေ၊ အနုညာတ စီရင်ဆုံးဖြတ်ခြင်းဖြင့်ဖြစ်စေ၊ တရားစွဲဆိုခြင်းဖြင့်ဖြစ်စေ ဖြေရှင်းနိုင်ရန် ပြဋ္ဌာန်းထားပါသည်။

တရားရုံးက တရားမအငြင်းပွားမှုများကို ထိရောက်မြန်ဆန်စွာ ဖြေရှင်းပေးရန်ရည်ရွယ်၍ စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ရာမှ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးနှင့် ပြည်ထောင်စုနယ်မြေတို့တွင် စေ့စပ်ဖြေရှင်းရေးဌာနများဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ချိုးဖောက်မှုဆိုင်ရာ တရားမမှုများတွင် အမှုသည်များသည် အမှုစစ်ဆေးမှု မစတင်မီ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနတွင် အငြင်းပွားမှုကို ကိုယ်တိုင်ပါဝင်ညှိနှိုင်း၍ သဘောတူညီချက်ရရှိခြင်းဖြင့် အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

သက်သေများကို ဗီဒီယိုရုပ်မြင်သံကြားမြင်ကွင်းစနစ်ဖြင့်စစ်ဆေးခြင်း

မူပိုင်ခွင့်ဆိုင်ရာ မှုခင်းများအတွက် စီရင်ပိုင်ခွင့်အပ်နှင်းထားသည့် သတ်မှတ်တရားရုံးများတွင် တရားရုံးသို့ မလာ ရောက်နိုင်သည့် ပြည်တွင်း၊ ပြည်ပမှ သက်သေများသည် တရားရုံးနည်းပညာ အသုံးပြု၍ သက်သေခံချက်ပေးနိုင်ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဗီဒီယို သို့မဟုတ် ရုပ်မြင်သံကြားဆက်သွယ်မှုဖြင့် သက်သေခံချက်ရယူခြင်းနှင့် ဗီဒီယို သို့မဟုတ် ရုပ်မြင်သံကြား ဆက်သွယ်မှုမှတစ်ဆင့် သက်သေခံခွင့်ပြုရန် လျှောက်ထားခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် မူပိုင်ခွင့်ဆိုင်ရာမှုခင်းများတွင် တရားရုံး အသုံးပြုသူများ တရားစီရင်ရေးကို ပိုမိုလက်လှမ်းမီစေခြင်း၊ စီစဉ်သတ်မှတ်ထားသည့်အတိုင်း စစ်ဆေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အကာအကွယ်ပေးသည့်စနစ်သစ်တွင် အငြင်းပွားမှုများအတွက် ပေါ်ပေါက်လာမည့် မူပိုင်ခွင့်တရားရုံးများ၏ အခန်းကဏ္ဍကို တင်ပြလိုက်ပါသည်။ ။

No comments:

Post a Comment