Monday, April 10, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော် ဧပြီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများလိုက်ပါ၍ ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော်(Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူခြင်းအခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက်ချီးမြှင့်သည်။









ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့နယ်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။

လက်ခံရယူ

ထို့နောက် ကိုကိုးကျွန်းလေဆိပ် ဧည့်ခန်းမဆောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများ နေ့လယ်စာ စားသုံးနိုင်ရန်အတွက် စားသောက် ဖွယ်ရာများကို ပေးအပ်ရာ တာဝန် ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာသို့ ရောက်ရှိကြရာ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ရေကြောင်းလူငယ်မောင်မယ်များနှင့် ဘင်ခရာအဖွဲ့တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကပ္ပလီ ပင်လယ်ပြင်(Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာ အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာ အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ပါဝင်ဖွဲ့စည်းထား

ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ဆက်စပ်နေရာတွင် တည်ရှိပြီး မင်္ဂလာကျွန်း၊ စလစ်ပါ ကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိသည့် ကျွန်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် လာရောက်သည့် ကိုကိုးကျွန်းမြို့ ခရီးစဉ်တွင် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ဆုံမှတ်နေရာ (Victorious Point)တွင် အထိမ်းအမှတ်ကျောက်တိုင် တစ်ခုကို စိုက်ထူရန် လမ်းညွှန် ချက်အရ ယခုကဲ့သို့ အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ကို စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း၊ ဘင်္ဂလား ပင်လယ်အော်သည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အရှေ့မြောက်ဘက်ပိုင်း ရေပြင်ဖြစ်ကာ အနောက်နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ တောင်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့ တည်ရှိကြောင်း၊ ဘင်္ဂလား ပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များအနက် ရေပြင်အကျယ်ဆုံး ပင်လယ်အော်ဖြစ်ကြောင်း၊ ကပ္ပလီပင်လယ်ပြင် (Andaman Sea)သည် အိန္ဒိယ သမုဒ္ဒရာ၏ အရှေ့မြောက် အစွန်အဖျားအကျဆုံး ရေပြင်ဖြစ်ကာ အရှေ့ဘက်တွင် မုတ္တမပင်လယ် ကွေ့တစ်လျှောက်ရှိ မြန်မာနိုင်ငံကမ်းရိုးတန်း၊ ထိုင်းနိုင်ငံ ကမ်းရိုးတန်းနှင့် မလေးကျွန်းဆွယ်၊ အနောက်ဘက်တွင် အက်ဒမန်နှင့်နီကိုဘားကျွန်းတို့ တည်ရှိကြောင်း၊ ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာကုန်သွယ်ရေကြောင်း၏ အဓိကအရေးပါသည့် ရေလက် ကြားတစ်ခုဖြစ်သော မလ္လကာရေလက်ကြားနှင့်လည်း ဆက်စပ်တည်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်၌ ပါလီပါလဲ့ ရေလမ်းကြောင်း၊ တောင်ဘက်၌ ကိုကိုးရေလမ်းကြောင်းများ တည်ရှိပြီး ၎င်းရေလက်ကြားများမှ နှစ်စဉ်နိုင်ငံခြား ကုန်သွယ်ရေယာဉ် အစင်းရေ ၈၀၀၀ ခန့် ဖြတ်သန်း သွားလာလျက်ရှိသဖြင့် နိုင်ငံတကာရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွား အတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရှိရသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဗျိုင်းကျွန်းနှင့် ဂျယ်ရီကျွန်းကြား ဆက်စပ်မြေသားလမ်း ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြား သည်။

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ရှိ အကျဉ်းစခန်းဟောင်းနေရာနှင့် အဆောက်အအုံများအား မူလပုံစံအတိုင်း ပြန်လည်ပြုပြင်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဗီဒီယိုဖိုင်ကို ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်း ဌာနချုပ်အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံပင်လယ်ပြင်အတွင်း ရိုက်ကူးထားသည့် ရေအောက် သဘာဝရှုခင်းများနှင့် ရေနေ သတ္တဝါများကို မှတ်တမ်းတင် သုတေသနပြု ရိုက်ကူးထားသည့် Documentary ဗီဒီယိုဖိုင်ကိုကြည့်ရှုကြရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံမှ ပိုင်နက်ပင်လယ်ပြင် အတွင်းရှိ ရေအောက်သယံဇာတများ ပြုန်းတီးမှုမရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ရေအောက်သယံဇာတများ ရေအောက်ရှုခင်းများကို ထုတ်ဖော်ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကိုများစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ရေနေသတ္တဝါများ ပြုန်းတီးမှုမရှိစေရေး ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းဆောင်ရွက် သူများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကိုကျော်လွန်၍ တရားမဝင်ဖမ်းဆီးမှုများ မပြုလုပ်စေရေးနှင့် ရေနေသတ္တဝါများကို ထိခိုက်စေနိုင်သည့် ဖမ်းဆီးမှုမျိုးများ မပြုလုပ်စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံပိုင်နက် ပင်လယ်ပြင်အတွင်း ရှားပါးရေနေသတ္တဝါများကို ဖော်ထုတ်၍ မှတ်တမ်းတင်ဆောင်ရွက်ခြင်းများ ပြုလုပ်ရန်လိုကြောင်း၊ အလားတူ မိမိတို့နိုင်ငံရှိ ပင်လယ်ပြင်အတွင်းရှိသည့် ရေအောက်သယံဇာတများနှင့် ရေနေသတ္တဝါများကို ပြည်သူများသိရှိစေရေး ဗီဒီယိုမှတ်တမ်းများရိုက်ကူး၍ ထုတ်ဖော်ပြသပေးရန်နှင့် ရေသယံဇာတနှင့်ရေသတ္တဝါများ ပြုန်းတီးမှုမရှိစေရေး ပညာပေးအစီအစဉ်များကို ထုတ်လွှင့်ဖော်ပြ သွားရန်လိုကြောင်း မှာကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment