Friday, April 21, 2023

ကချင်ပြည်နယ်ဝန်ကြီးချုပ် နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းများမှ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဂါးရာယန်၊ ကဇူးနှင့် ဒဘတ်ယန်စသည့် နေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်ကြသည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့



ဝိုင်းမော် ဧပြီ ၂၁

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် မူလနေရပ်ကျေး၇ွာများသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ IDPs စခန်းများမှ ၎င်းတို့၏မူလကျေးရွာ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဂါးရာယန်၊ ကဇူးနှင့်ဒဘတ်ယန်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင် ကြသည့် အိမ်ထောင်စုများအား ဧပြီ ၂၀ ရက် နံနက် ၇ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အဆိုပါကျေးရွာများသို့ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့သည်။









ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ဂါးရာယန်ကျေးရွာသို့သွားရောက်ပြီး ကျေးရွာဘုရားကျောင်း၌ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံခဲ့ကြသည်။

ထို့သို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏သွေးချင်းညီအစ်ကို မောင်နှမများ နေရပ်စွန့်ခွာပြီး (၁၀)နှစ်ကျော်ကြာ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ခဲ့ရာမှ ယနေ့ မိမိတို့အားလုံး ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် နေရပ်ကျေးရွာများသို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်နိုင်ပြီဖြစ်သဖြင့် မိသားစုများ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံးနှင့်အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အားပေးပြောကြားသည်။

ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာစတင်တည်ထောင်ခဲ့ကြသည့် သမိုင်းကြောင်းနှင့် ပြန်လည်ရွှေ့ပြောင်းနေထိုင်ခဲ့မှု အခြေအနေများ၊ ကျေးရွာအတွင်းပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေး၊ လယ်ယာမြေဖော်ထုတ်ပေးရေး၊ သောက်သုံးရေရရှိရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလမ်းတံတား လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများအတွက် ဘဏ္ဍာငွေလျာထားဆောင်ရွက်ထားရှိမှုနှင့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သွားမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂါးရာယန်ကျေးရွာတွင် ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြ သည့် အိမ်ထောင်စု ၈၃ စုအတွက် ထောက်ပံ့ငွေကျပ် ၈၃ သိန်းနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ အတွက် ထောက်ပံ့ငွေများ၊ ဒေသခံအလှူရှင်များက ကျေးရွာဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်း ၆၀၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ (VDP) အတွက် ကျပ်သိန်း ၁၅၀၊ ပြည်နယ်အားကစားနှင့်ပညာဦးစီးဌာနက အားကစားပစ္စည်းမျိုးစုံ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံမျိုးစေ့မျိုးစုံနှင့် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါဂါးရာယန်ကျေးရွာမှတစ်ဆင့် နေရပ်စွန့်ခွာပြည်သူများ ရွှေ့ပြောင်းနေထိုင်ကြသည့် ကဇူးကျေးရွာသို့သွားရောက်ပြီး ကဇူးကျေးရွာနှစ်ခြင်း ဘုရားကျောင်း၌ ရွှေ့ပြောင်းလာသည့် အိမ်ထောင်စုများနှင့်တွေ့ဆုံ အားပေးစကားပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ရွာတွင်းလမ်း၊ သောက်သုံးရေရှိရေး၊ စိုက်ပျိုးနည်းပညာနှင့်လယ်ယာမြေဖော်ထုတ်ပေးရေးစသည့် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများကို ပြန်လည်ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ ကဇူးကျေးရွာသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင် ကြသည့် အိမ်ထောင်စုများမှ ထောက်ပံ့ရန်လိုအပ်သည့် အိမ်ထောင်စု ၁၂ စုတို့အတွက် ထောက်ပံ့ ငွေကျပ် ၁၂ သိန်း၊ ဒေသခံအလှူရှင်များက ထောက်ပံ့ငွေကျပ် သိန်း ၆၀ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ (VDP)အတွက် ကျပ်သိန်း ၁၅၀ ၊ အားကစား ပစ္စည်းမျိုးစုံ၊ သီးနှံမျိုးစေ့များနှင့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကဇူးကျေးရွာမှတစ်ဆင့် ဒဘတ်ယန်ကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ ခန်းမဆောင်၌ နေရပ်စွန့်ခွာယာယီစခန်းများမှ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စုများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်အခြေချနေထိုင်သည့် မိသားစုများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့၊ ဌာန ဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး အားပေးပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စုများထဲမှ ထောက်ပံ့ပေးရန်ကျန်ရှိသည့် အိမ်ထောင်စု ၁၃၄ စုတို့အတွက် ငွေကျပ် ၁၃၄ သိန်း၊ ဒေသခံအလှူရှင် များက ငွေကျပ်သိန်း ၆၀ နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၅၀၊ အားကစားပစ္စည်းများ၊ သီးနှံမျိုးစေ့များနှင့် မွေးမြူရေးအထောက် အကူပြုဆေးဝါးများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment