နေပြည်တော် ဧပြီ ၂၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့်အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ နန်းကြည်ထွေးသည် ၎င်းအသုံးပြုသည့် “Nan Kyi Htwe” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၁)တိုးချဲ့ ရပ်ကွက်နေ ထက်ထက်လှိုင်(ခ)ထက်ထက်၊ အမှတ်(၃၈)ရပ်ကွက်နေ မေပန်းချီစိုးနောင်(ခ)မေပန်းချီနှင့် ရွှေရည်သိန်းတန်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်)ရပ်ကွက်နေ ကျော်မင်းဆွေ(ခ) အံ့ဟိန်း(ခ)ကျော်ပိုင်ဟိန်း၊ ရွှေပြည်သာမြို့နယ်၊ သံဖြူဆိုင်မြို့နယ်နေ မေသက်လင်း၊ အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်နေ စောမင်းထက်အေးတို့သည် ၎င်းတို့အသုံးပြုသည့် “Htet Htet" Facebook အကောင့်၊ “May Panche” Facebook အကောင့်၊ “Shwe Yee Thein Tan” Facebook အကောင့်၊ “Kyaw Min Swe” Facebook အကောင့်၊ “Saw Min Htet Aye” Facebook အကောင့်၊ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ နယ်၊ ကျောက်ဖျာဒိုးကျေးရွာနေ ကောင်းလွင်ထူးသည် ၎င်းအသုံးပြုသည့် “Kaung Lwin Htoo” Facebook အကောင့်၊ အမှတ်(၈)ရပ်ကွက်နေ အိရွှေဇင်ဦး(ခ)Nan Ank Yoon သည် ၎င်းအသုံးပြုသည့် “Nan Ank Yoon (Ma Ma Ei)” Facebook အကောင့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာနေ နှင်းနှင်းခိုင်(ခ)မနှင်းသည် ၎င်းအသုံးပြုသည့် “Ma Hinn” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPHI NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေး သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment