Sunday, April 9, 2023

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနမိသားစုများ၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ

 


နေပြည်တော် ဧပြီ ၈

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများရှိ ဝန်ထမ်းမိသားစုများ၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရုံးချုပ်)တွင် ဝန်ထမ်းများ၏ သီဆိုဖျော်ဖြေမှုများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်တွင် ဝန်ထမ်းများ ပျော်ရွှင်စွာရေကစား၍ စုပေါင်းသီဆိုဖျော်ဖြေနေမှုကို လည်းကောင်း သွားရောက်ကြည့်ရှုအားပေးကာ ဝန်ထမ်းများအား ဆုချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်) ရုံးအမှတ်(၄၇)သို့ သွားရောက်ကာ ဌာနခွဲမိသားစုများ၏ မဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေး၍ ဌာနခွဲအသီးသီး၏ စတုဒိသာမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များကို လှည့်လည်ကြည့်ရှုအားပေးကာ သီဆိုဖျော်ဖြေသူ ဝန်ထမ်းများအား ဆုချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန(ရုံးချုပ်)၏ မိသားစုသင်္ကြန်မဏ္ဍပ်၌ ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာရေကစားနေမှုကိုလည်းကောင်း၊ ကုသရေးဦးစီးဌာန(ရုံးချုပ်)၌ ဌာနခွဲအသီးသီးမှ ဝန်ထမ်းများက ရိုးရာလှေများဖြင့် ပျော်ရွှင်စွာ ရေကစားနေမှုကိုလည်းကောင်း၊ ယိမ်းအကအဖွဲ့များ၏ သီဆိုဖျော်ဖြေနေမှုနှင့် ယှဉ်ပြိုင်မှုကိုလည်းကောင်း အားပေးကြည့်ရှု၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားများသို့ သက်ဆိုင်ရာဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများပျော်ရွှင်စွာပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment