Sunday, April 9, 2023

၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ရန်ကုန်မြို့တော်ဝန် ကြပ်မတ်ဆောင်ရွက်

 


ရန်ကုန် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၈ နာရီတွင် ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ ဥယျာဉ်သို့ သွားရောက်၍ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်အတွက် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များဖြစ်ကြသည့် နွေဦးကဗျာ၊ နှစ်သစ်ချစ်ဦး၊ ပိတောက်လက်ဆောင်၊ ပိတောက်ရိပ်၊ သင်္ကြန်မိုး၊ နွေအလှ၊ တူးပို့တူးပို့၊ ပိတောက်မျက်နှာ၊ နှစ်သစ်မင်္ဂလာ၊ ပန်းမျိုးတစ်ရာမဏ္ဍပ်များ၊ စတုဒိသာ မဏ္ဍပ်၊ ဆိုင်ခန်းများ တည်ဆောက်ပြီးစီးမှုနှင့် ရေကစားရန် ရေပိုက်လိုင်းများ သွယ်တန်းထားမှု၊ Springler များ၊ Springler Gunများနှင့် ရေမှုန်ရေမွှားလျှောက်လမ်းများ တပ်ဆင်ထားရှိမှု၊ ရောင်စုံထီးများအလှ တပ်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရွှေတိဂုံဘုရားလမ်း၊ တောင်ဘက်မုခ်အနီး မဟာဝိဇယစေတီ တော်အတွင်း ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးစီးစည်ပင်သာယာဝန်ထမ်းများပူးပေါင်းအင်အားဖြင့် မြက်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများခုတ်၍ အလင်းဖွင့်ခြင်း၊ အမှိုက်နှင့် သစ်ရွက်ခြောက်ကြွေများ လှဲကျင်းသိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်‌ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းတစ်လျှောက် ကတ္တရာကွန်ကရစ်(AC) ထပ်ပိုးလွှာခင်းကျင်း၍ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း မြို့တော်ခန်းမရှေ့တွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင် ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် ဧည့်ခံရေးမဏ္ဍပ်များ တည်ဆောက်နေမှုနှင့်မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံလမ်း၌ လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ် များ တည်ဆောက်ပြီးစီးမှုနှင့် Springler များ၊ Springler Gun များနှင့် ရေမှုန်ရေမွှား လျှောက်လမ်းများတပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ်များကြံ့ခိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်သည် နံနက် ၁၁ နာရီခွဲ တွင် မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ(၁)၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်အတွင်း မြို့တော်သူ မြို့တော်သားများပျော်ရွှင်ချမ်းမြေ့စေရန် ရုပ်ရှင်၊ သဘင်၊ ဂီတကဏ္ဍအသီးသီးမှဖျော်ဖြေရာတွင် လုပ်ငန်းများအဆင်ပြေချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဖိတ်ကြားရေးနှင့် ဖျော်ဖြေတင်ဆက်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာတိုးအောင်က နေ့အလိုက် ဖျော်ဖြေ ရေးအတွက် လျာထားသည့်အစီအစဉ်ကို ရှင်းလင်းတင်ပြရာ ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများက အစည်းအရုံးအလိုက် တာဝန်ခွဲဝေယူဆောင်ရွက်မည့် ကဏ္ဍအသီးသီးကို ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသူများ၏ အပြန်အလှန်ဆွေးနွေးမှုများအပေါ် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး “ရန်ကုန်မြို့တော်သူ မြို့တော်သားများ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ပျော်ရွှင်ချမ်းမြေ့စေရေး ရုပ်ရှင်၊ သဘင်၊ ဂီတကဏ္ဍအသီးသီးမှ ဖျော်ဖြေတင်ဆက်မှုများ အဆင်ပြေချောမွေ့စေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန်” မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်

No comments:

Post a Comment