မကွေး ဧပြီ ၂၇
အခမ်းအနားတွင်
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အတွက် အရည်
အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးအတွက်
ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို
လေ့ကျင့်ပြုစုပျိုးထောင်ပေးရေးသည် နိုင်ငံအတွက် အရေးပါသည့်
လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ပညာတတ်ပေါများရေး လမ်းညွှန်
ချက်နှင့်အညီ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာ
သင်ယူနိုင်မှု အခွင့်အလမ်းရရှိရေးကို အလေးထားကာ ဆက်စပ်ဌာနများ
ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလ
တိုင်းပြည်တာဝန်များကို ပုခုံးပြောင်း တာဝန်ယူကြမည့် လူငယ်မောင်မယ်များအား
လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်အတွက် ကိုယ်ကာယ
ကျန်းမာသန်စွမ်းကြံ့ခိုင်ပြီး အသိဉာဏ်ပညာထက်မြက်သော၊ အကျင့်စာရိတ္တကောင်းမွန် မြင့်မြတ်ပြည့်စုံပြီး
လူအများနှင့် သဟဇာတရှိစွာ စုပေါင်းနေထိုင် ပူးပေါင်းဆောင်ရွက်တတ်သည့်
ကိုယ်ရည်ကိုယ်သွေး မြင့်မားပြည့်စုံသော လူရည်ချွန်စီမံကိန်းကို
အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံတွင် လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်မှ
စတင်ဆောင်ရွက်ခဲ့ပြီး နှစ်စဉ်ဆောင်ရွက်နိုင်ခဲ့ရာမှ ၁၉၈၈ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့်
ခေတ္တရပ်နားခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှာ လူရည်ချွန်စီမံကိန်းကို ဘက်စုံပညာထူးချွန်
လူငယ်စီမံကိန်းအဖြစ် ပြန်လည်ဖော်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လူရည်ချွန်စီမံကိန်း
အမည်ဖြင့် ပြင်ဆင်ဆောင်ရွက်ကာ၊၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ လူရည်ချွန် မောင်မယ်များကို
ရွေးချယ်နိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေအရ
လူရည်ချွန်စခန်းများသို့ စေလွှတ်ခြင်းကို ရပ်နားခဲ့ရကြောင်း၊ ၂၀၂၁-၂၀၂၂
ပညာသင်နှစ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်မှု
အခြေအနေများအရ လူရည်ချွန်စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ ယခု ၂၀၂၂-၂၀၂၃
ပညာသင်နှစ်မှာ ယခုကဲ့သို့ ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
ကျောင်းသား၊ ကျောင်းသူများအား ပြုစုပျိုးထောင်ရာတွင် အသိ=ပညာ၊ အတတ်ပညာနှင့်
ဗဟုသုတများ ပြည့်စုံရေးသာမက အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို တန်ဖိုးထား၍
ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်ထက်မြက်ပြီး မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို
ချစ်မြတ်နိုး ထိန်းသိမ်းလိုသော စိတ်ဓါတ်နှင့် ခံယူချက်များကို အခြေခံပညာကျောင်းသား
အရွယ်ကစ၍ နှလုံသွင်းနိုင်ရန် သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ဘဝတစ်လျှောက်လုံးတွင်
လူတော်သာမက လူကောင်းဖြစ်လာစေရန်၊ တစ်နည်းအားဖြင့် လူရည်ချွန်၊ လူရည်မွန်များ
ဖြစ်လာစေရန်အတွက် ဤလူရည်ချွန်စီမံကိန်းကို ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက်
လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် အခြားသူများထက် ကျောင်းသင်စာပေပညာ၊
အထွေထွေဗဟုသုတနှင့် ကိုယ်လက်ကြံ့ခိုင်ရေးတို့မှာ ထူးချွန်ထက်မြက်ရုံသာမက
အများအကျိုးပြုလုပ်ငန်း များတွင်လည်း ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ဗလငါးတန်ပြည့်စုံ
သာလွန်အောင် ကြိုးစားခဲ့သူများ ဖြစ်သည့်အတွက် ထူးချွန်သူ(Outstanding)ဖြစ်သူများအဖြစ် အသိအမှတ်ပြုပါကြောင်း၊ လူရည်ချွန် မောင်မယ်များအနေဖြင့်
မကွေးတိုင်းဒေသကြီး ဂုဏ်ကိုဆောင်နိုင်သော လူရည်ချွန်၊ လူရည်မွန်များ
ဖြစ်ပါစေကြောင်းနှင့် လေ့လာရေးခရီးစဉ် အစအဆုံး ကျန်းမာရွှင်လန်း စိတ်နှလုံးသာယာ
ချမ်းမြေ့ပျော်ရွှင်မှုများရရှိပြီး နောင်ပညာသင်နှစ်များမှာလည်း လူရည်ချွန်အဖြစ်
ပြန်လည်ရွေးချယ်ခံရသူများ ဖြစ်ကြပါစေကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦးက လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဂုဏ်ပြုဖျော်ဖြေကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်ဆရာ၊ ဆရာမ(၃)ဦးတို့အား ထောက်ပံ့ငွေများ ချီးမြှင့် ပေးအပ်ခဲ့သည်။
ထို့နောက် လူရည်ချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်၊ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ရွေးချယ်ခြင်းခံရသည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် တက်ရောက်လာသူများအား စားသောက်ဖွယ်ရာ လက်ဖက်ရည်၊ မုန့်၊ အချိုရည်များဖြင့် တည်ခင်းဧည်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ
No comments:
Post a Comment