လားရှိုး ဧပြီ ၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များအား ဝတ်စုံထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၈)နာရီခွဲက လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဝတ်စုံထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဦးအောင်ဇော်အေးက ယနေ့အခမ်းအနားတွင် ကြက်ခြေနီတပ်ဖွဲ့များအား ဝတ်စုံများထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊
ရုံးဌာနအဆောက်အဦများ မြေပိုင်ဆိုင်ခွင့်ရရှိအောင် ဆောင်ရွက်ထားရန်၊ အဆောက်အဦတွင် နေထိုင်ခွင့်ရရှိနိုင်အောင်
ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဒေသအလိုက် ဆောင်ရွက်ချက်များ မှတ်တမ်းတင်ထားရှိရန်နှင့်
လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိထိမိမိရှိအောင် ဆောင်ရွက်ရန် လိုအပ်ချက်များရှိပါက
တင်ပြပေးကြရန်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများကို စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ် ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊ နမ္မတူမြို့နယ်၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ ဟိုပန်မြို့နယ်တို့ကို ကြက်ခြေနီသူနာပြုတပ်ဖွဲ့များအား ဝတ်စုံများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌတို့က ထောက်ပံ့ပေးအပ်ရာ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်အသီးသီးမှ လက်ခံရယူပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ဘာသာမရွေး လူမှုကူညီရေးအသင်း၌ ကျောက်ကပ်သန့်စင်ကုသမှုခံယူနေသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုပြီး ဘာသာမရွေး လူမှုကူညီရေးအသင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)
No comments:
Post a Comment