Friday, April 28, 2023

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ကျောင်းတိုက်ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့က သွားရောက်ဖူးမြော်

  


မန္တလေး ဧပြီ ၂၈

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူသီတင်းသုံးတော်မူနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီး၏ ကျန်းမာရေးတိုးတက်ကောင်းမွန်နေမှုအခြေအနေအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူက ယနေ့နံနက်ပိုင်းက သွားရောက်ဖူးမြော်ကြည့်ရှုခဲ့ကြသည်။

ဦးစွာ ဆရာတော်ကြီးအားဖူးမြော်ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့အား မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်နှင့် အထူးကုဆရာဝန်ကြီးများက ဆရာတော်ကြီး၏ ကျန်းမာရေးတိုးတက်ကောင်းမွန်နေသည့် အခြေအနေများ၊ အနီးကပ်ကြီးကြပ်ကာ စနစ်တကျဆောင်ရွက်ကုသပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေကောင်းမွန်၍ မူလသီတင်းသုံးရာကျောင်းတွင် ပြန်လည်သီတင်းသုံးသည့်အခါ ကျန်းမာရေးအခြေအနေများကို အစဉ်မပြတ်အနီးကပ်စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို လစ်ဟာမှုမရှိစေရေး အထူးဂရုစိုက် ဆောင်ရွက်သွားကြရန်တို့ကို အလေးအနက်ထားမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယခုအခါ ဆရာတော်ကြီးမှာ သက်တော်(၉၄)နှစ်၊ သိက္ခာ(၇၄)ဝါရှိပြီး မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင်(၉ထပ်ဆေးကုသဆောင်) (၅)ထပ်ရှိ အထူးသီးသန့်ခန်းတွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိရာ မူလသီတင်းသုံးတော်မူရာကျောင်း၌ ပြန်လည်သီတင်းသုံးသွားမည်ဖြစ်ကြောင်းနှင့် ဆရာတော်ကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့် အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ်ကာ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment