အားကစားဟူသည် အထူးတလည်လေ့ကျင့်တည်ဆောက်ထားသော ခွန်အား၊ သက်လုံ၊ ကျွမ်းကျင်မှု၊ နည်းစနစ်၊ စိတ်ဓာတ်နှင့်ဉာဏ်ရည်တို့ကိုအသုံးချကာ ရုပ်ပိုင်းရောစိတ်ပိုင်းပါ ယှဉ်ပြိုင်ကြရခြင်းဖြစ်သည်။ နိုင်ငံကိုယ်စားပြုအားကစားသမားများ နိုင်ငံအလိုက် ယှဉ်ပြိုင်ကြရာတွင် အားကစား၏အောင်မြင်မှုသည် နိုင်ငံ၏အောင်မြင်မှု၊ နိုင်ငံ၏ဂုဏ်သိက္ခာမြင့်မားမှု ဖြစ်လာသည်။ နိုင်ငံကိုယ်စားပြု အားကစားသမားများ၏ နိုင်ငံတကာပြိုင်ပွဲဝင် ယှဉ်ပြိုင်မှုများကို နိုင်ငံသူနိုင်ငံသားတစ်မျိုးသားလုံးက စိတ်ရောကိုယ်ပါတက်ကြွစွာအားပေးကြပြီး အောင်ပွဲအဆင့်ဆင့်ရရှိကြသည်နှင့်အမျှ တစ်မျိုးသားလုံးက ဂုဏ်ယူဝမ်းမြောက်ကြရခြင်း ဖြစ်သည်။
(၃၂)
ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကြီးကို ကမ္ဘောဒီးယားနိုင်ငံတွင် လာမည့်
မေလ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပတော့မည်ဖြစ်ရာ ပြိုင်ပွဲဝင်ကြမည့် အားကစားသမားများအားလုံး
ပြိုင်ပွဲဝင်ရန် အသင့်အနေအထားသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင်း
အမြင့်မားဆုံးသော အားကစားပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံမှ အားကစားသမား ၃၄၁ ဦးကအားကစားနည်း
၁၉ နည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ရာ ပြိုင်ပွဲတိုင်းတွင်အမြင့်ဆုံးသော
အောင်ပန်းကိုဆွတ်ခူးနိုင်ရေး မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းက မျှော်လင့်နေကြသည်သာဖြစ်သည်။
“ယခုသွားရောက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲကြီးသည် အားကစားမောင်မယ်များအဖို့ နိုင်ငံတော်အတွက်
အားကစားလူချွန်လူကောင်းများဖြစ်ကြောင်း ပြသနိုင်မည့် အခွင့်အလမ်း ကောင်းကြီးတစ်ရပ်လည်း
ဖြစ်ပါကြောင်း၊ ယခုအခွင့်အလမ်း ကြီးကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်သွားနိုင်ကြမည်ဟုလည်း
နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးကယုံကြည် မျှော်လင့်နေကြသည်ကို အသိပေးမှာကြားလိုပါကြောင်း၊
မိဘပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် မောင်မယ်များအနေဖြင့်
ရေကုန်ရေခန်းအားထုတ်ကြိုးပမ်းသွားကြမည်ဟု အလေးအနက် ယုံကြည်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာအားကစားအဖွဲ့များအား
အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနား အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည့်အတိုင်းပင်
အားကစားလူချွန် လူကောင်းများအဖြစ် ပြသ၍ နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားကြ မည်ဟူသော ပြည်သူတစ်ရပ်လုံး၏
မျှော်လင့်ယုံကြည်မှုကို အစွမ်းကုန်ဖြည့်ဆည်းကြရေးအတွက် စိတ်ဓာတ်တံခွန်ကို အမြင့်မားဆုံး
လွှင့်ထူကြရမည်ဖြစ်သည်။
မြန်မာအားကစားအဖွဲ့ဝင်များအားလုံး
နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်၍ ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်၍ အစွမ်းကုန်ကြိုးပမ်းကာ
အောင်ပန်းဆွတ်ခူးနိုင်ခြင်းတို့အတွက်လည်း နိုင်ငံတော်ကထိုက်တန်စွာဂုဏ်ပြုသွားမည်ဖြစ်ရာ
အောင်ပွဲရယူပြန်လာသူတို့အတွက် စောင့်ကြိုနေမည် ဖြစ်သည်။ အားကစားထူးချွန်သည့် လူငယ်များ
နိုင်ငံ့လက်ရွေး စင်များအဖြစ် နိုင်ငံတကာပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်ခြင်းမှ
ထွက်ပေါ်လာသည့် အောင်မြင်မှုများက နိုင်ငံ၏ဂုဏ်သိက္ခာကိုမြင့်မားစေသည့်အပြင် မိမိတို့၏လူနေမှုဘဝများကိုလည်း
မြင့်မားလာစေမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်အကြီးအကဲက ပြောကြားထားသည်။ နိုင်ငံတော်က
ခေတ်အဆက်ဆက် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကြီးများကို ဂုဏ်ပြုချီးမြှင့် လျက်ရှိရာ
ယခုမကြာမီ ပြိုင်ပွဲဝင်ကြရတော့မည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင်လည်း
နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ကြသည့် အားကစားသမား တစ်ဦးချင်းစီတိုင်းက ပြိုင်ပွဲတိုင်းတွင်
တရားသဖြင့်ယှဉ်ပြိုင် အနိုင်ယူကာပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနိုင်ရေး
ကြိုးပမ်းစွမ်းဆောင်နိုင်ကြပါ စေကြောင်း။ ။

No comments:
Post a Comment