Sunday, April 30, 2023

အသက်ရှည်ကျန်းမာရေး ကာကွယ်ဆေးများလွှမ်းခြုံထိုးနှံ

ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းသည် ရောဂါမဖြစ်အောင်ကြိုတင် ကာကွယ်ထားခြင်းဖြစ်သည်။ အထူးသဖြင့် ကူးစက်ပြန့်ပွားလွယ်သော ရောဂါအမျိုးမျိုးတို့ကို ကြိုတင်ကာကွယ်နိုင်သည်။ ဖြစ်ပွားနိုင်သည့်ရောဂါတို့အတွက် ဆိုင်ရာကာကွယ်ဆေးများ အလေးထားထိုးနှံထားခြင်းဖြင့် ရောဂါကြောင့် ဆိုးရွားစွာဖြစ်ပေါ်လာနိုင်မှုကို ကာကွယ်နိုင်သည်။

လတ်တလောတွင်ကူးစက်မြန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားခြင်းသည် ရောဂါ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ကုသရမှု၊ ရောဂါပြင်းထန်မှု၊ အသက်သေဆုံးမှု တို့ကို လျှော့ချနိုင်ကြောင်းတွေ့ရှိထားသည်။ ထပ်ဆောင်းကာကွယ်ဆေးကို အကြိမ် ပြည့်ထိုးနှံထားသူသည် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ကုသရမှု၊ အသက်သေဆုံးမှုတို့ကို ပိုမို၍လျှော့ချနိုင်သည်ဟုတွေ့ရှိထားသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အလေးထားထိုးနှံကြပြီး ထပ်ဆောင်းကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့် ထိုးနှံနေကြသည်ကို တွေ့ရသည်။

ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ်၏ ယခုနှစ်ဆောင်ပုဒ်သည် “အမီလိုက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့်တင်ရန်ဟု သတ်မှတ်ထားရာ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကာကွယ်ဆေးများ လုံးဝမထိုးနှံခဲ့ရသော ကလေးများနှင့် အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများ အကြိမ်ပြည့်မရရှိခဲ့သော ကလေးများအားလုံးကို အသက်အရွယ်အလိုက် အမီလိုက် ကာကွယ်ဆေးထိုးနှံခြင်းကို အားသွန်ခွန်စိုက်ဆောင်ရွက်ကြရန် လိုအပ်ပေသည်။ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တစ်နိုင်ငံလုံး လွှမ်းခြုံထိုးနှံပေးနေသော်လည်း အကြောင်းအမျိုးမျိုးဖြင့် ကလေးသူငယ်အပါအဝင် အရွယ်အမျိုးမျိုး မထိုးနှံရသေးသူများရှိနေသေးသည်။

လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ထင်ရှားသော်လည်း အစဉ်အဆက်ထိုးနှံကြရသည့် ရောဂါအမျိုးမျိုးနှင့်ပတ်သက်သည့် ကာကွယ်ဆေး များလည်းရှိသေးသည်။ ဆုံဆို့၊ ကြက်ညှာ၊ ဝက်သက်၊ မေးခိုင်၊ ကျောက်ကြီး၊ ပိုလီယို၊ တုပ်ကွေးစသည့် ရောဂါကာကွယ်ဆေးများကိုလည်း ကြိုတင်ကာကွယ်သော အားဖြင့် ရာသီအချိန်အလိုက် ထိုးနှံထားကြရန်လိုအပ်ပေသည်။ မကြာသေးမီက အမေရိကန်ပြည်ထောင်စုတွင် တုပ်ကွေးရောဂါကြောင့် လူ့အသက်များ ဆုံးရှုံးခဲ့ ကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ဝက်သက်ကာကွယ်ဆေးတစ်မျိုးတည်း အနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အတွင်းသေဆုံးမှုပေါင်း ၂၃ သန်းခန့်ကို ဟန့်တားကာကွယ်ပေးနိုင်ခဲ့ကြောင်းသိရသည်။ ကလေးသူငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည့် ရောဂါအမျိုးအစားပေါင်း ၂၀ ကျော်ကိုပုံမှန် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းဖြင့် ကာကွယ်ဟန့်တားနိုင်ခဲ့သည်။

ကာကွယ်ဆေး ပုံမှန်ထိုးနှံခြင်းသည် ပြည်သူများ အသက်ရှည်ကျန်းမာရေး အတွက်သာမက ကမ္ဘာ့ပြည်သူ သန်းပေါင်း ၂၄ သန်းခန့်ကို ဆင်းရဲမွဲတေမှုမှကာကွယ် ပေးနိုင်ခဲ့သည်။ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော ကမ္ဘာ့နိုင်ငံများတွင် ဝက်သက်ကာကွယ်ဆေးအတွက် အမေရိကန်တစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံလျှင် ကျန်းမာရေးကုန်ကျစရိတ် သက်သာမှုအဖြစ်အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၅ခန့် ပြန်လည်ရရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် မိခင်နှင့်မွေးကင်းစကလေးများ မေးခိုင်ရောဂါကင်းဝေးကြောင်းကို ၂၀၁၀ ပြည့်နှစ်တွင်လည်းကောင်း၊ ပိုလီယိုရောဂါကင်းဝေးကြောင်းကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြုထားပြီး ဖြစ်သည်။

ထိုသို့ ရရှိထားပြီးဖြစ်သည့် ကျန်းမာရေးဆိုင်ရာ အောင်မြင်မှုများကိုဆက်လက် ထိန်းသိမ်းနိုင်ရန် ပုံမှန်ကာကွယ်ဆေးထိုး လွှမ်းခြုံမှုများကို မြင့်မားစွာရရှိစေရန် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်မှ ဧပြီ ၃၀ရက် အတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် မြို့နယ်အသီးသီးတို့တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် အသက်ငါးနှစ်အောက်ကလေးများကို သတ်မှတ်ကာကွယ် ဆေးများထိုးနှံ/တိုက်ကျွေးရန် စီစဉ်လျက်ရှိသည်။

သို့ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ကာကွယ်ဆေးများကို သတ်မှတ်ချက်အတိုင်း အသက်အရွယ်အလိုက် အကြိမ်ပြည့်ထိုးနှံ/တိုက်ကျွေးခြင်းအားဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကိုကာကွယ်နိုင်ပြီး ပြည်သူများအသက်ရှည်ကျန်းမာရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။        

No comments:

Post a Comment