Tuesday, April 18, 2023

ဘာသာပေါင်းစုံမှ နှစ်သစ်ကူးဆုတောင်းမေတ္တာပို့ စကားသံများ

  

ဦးဝဏ္ဏ (ဗုဒ္ဓဘာသာ)

ဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)

မြန်မာလူမျိုးတို့ရဲ့ နှစ်ဟောင်းကြွေပျောက် နှစ်သစ်ရောက်တဲ့ အခါသမယမှာ သွေးသားရင်းချာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ၊ နိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာသူ၊ ကမ္ဘာသားတွေအားလုံး မင်္ဂလာ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းရင်း နှုတ်ခွန်းဆက်ပါတယ်၊၊







မြန်မာနိုင်ငံအတွင်း အမုန်းစကား၊ အမုန်းတရားတွေ ပယ်ပျောက်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြပြီး နိုင်ငံတော်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဝိုင်းဝန်းဆောင်ရွက် နိုင်ကြပါစေလို့ မေတ္တာပို့ ဆုတောင်းအပ်ပါတယ်၊၊

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးဟာ လူမျိုးမတူ၊ ဘာသာမတူ၊ အယူအဆမတူကြသူတွေ မေတ္တာတရားကို အခြေခံထားကာ အမိမြန်မာ နိုင်ငံတော်ကြီးရဲ့ အလံတော်အောက်မှာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် အထူးပဲကြိုးစားဆောင်ရွက်လျက်ရှိပါတယ်၊၊ မိဘပြည်သူတွေအနေနဲ့လည်း အမိမြန်မာနိုင်ငံတော်ကြီးအတွင်း အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက် ကျွန်တော်တို့ အဖွဲ့ကြီးနဲ့အတူ ပူးပေါင်းပါဝင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်၊၊

ထို့အတူ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးအနေနဲ့ အမိမြန်မာနိုင်ငံတော်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ၊ ကမ္ဘာသူ၊ ကမ္ဘာသားတွေအားလုံး အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ မိသားစုအကျိုး၊ နိုင်ငံအကျိုး၊ ဘာသာ သာသနာအကျိုးကို ရွက်သယ်ပိုးနိုင်ကြပါစေ၊ ကိုးကွယ်ရာ ဘာသာကြီး(၄)ရပ်ရဲ့ တူညီသောသစ္စာတရား၊ မေတ္တာတရားများဖြင့် ကြိုဆိုကြပါလို့ နှစ်သစ်ကူးဆုတောင်း မေတ္တာပို့သအပ်ပါတယ်ခင်ဗျာ၊၊

ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)

ဒုတိယဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)

မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံတော်ကြီးဖြစ်ပါတယ်၊၊ တစ်ဦးနဲ့တစ်ဦး မေတ္တာထားကြပြီး တစ်ဦးနဲ့တစ်ဦး ချစ်ခင်စွာနေထိုင်ကြ ပါတယ်၊၊ အခုလို နှစ်သစ်မှာ အတွေးသစ်၊ အမြင်သစ်၊ နှစ်သစ်တွေနဲ့ ရောဂါဘယ ကင်းစင်ပြီးတော့ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာကာ ပြည်သူနဲ့ နိုင်ငံတော် အတူတကွ လက်တွဲပြီး စီးပွားရေးတွေ ဖွံ့ဖြိုး တိုးတက်ပါစေ။

ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်ချက်နှစ်ချက်ရှိပါတယ်၊ ပထမတစ်ချက်ကတော့ မေတ္တာတရား ထားပေးဖို့ လိုပါတယ်၊ ဒီလိုမေတ္တာတရား များများထားပေးရင် အစစအရာရာ အောင်မြင်ပါမယ်၊ ဒုတိယ တစ်ချက်ကတော့ အလုပ်များများလုပ်ဖို့ လိုပါတယ်၊ အဲဒီနှစ်ချက်ပဲ ကျွန်တော်တို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအမုန်းတရား တွေ၊ စိတ်ထိခိုက်မှု အားလုံးကိုအလှူပေးလိုက်ပါ၊ နှစ်သစ်မှာ အားလုံး အတူတကွ ပျော်ရွှင်ပြီး ကျန်းမာချမ်းသာသုခနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်ခင်ဗျာ၊၊

ဒေါက်တာစိုင်းကျော်မြင့် (ခရစ်ယာန်ဘာသာ)

ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)

နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူတိုင်းရဲ့ လူမှုစီးပွားရေးဘဝ လုံခြုံရေးအတွက် အလိုအပ်ဆုံးဖြစ်တဲ့ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ကျွန်တော်တို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့ကြီးအနေနဲ့ တိုင်းရင်းသားလူမျိုးအပေါင်းတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု စရိုက်လက္ခဏာတွေ အားလုံးကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လျက် အတူတကွ ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ် ခင်ဗျာ။

အခုလို နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးအခါသမယမှာ မကောင်းမှုအညစ်အကြေးတွေအားလုံး ဆေးကြောသန့်စင်ပြီး ကောင်းမွန်သော၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေး အတွက် ကျွန်တော်တို့ အတူလက်တွဲ ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်း ကာ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)

ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)

မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံနေထိုင်ကြတဲ့ နိုင်ငံတော်ကြီး ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မေတ္တာတရားရှေ့ထားပြီးတော့ သစ္စာတရားနဲ့ ချစ်ချစ်ခင်ခင်နေထိုင် ကြကာ တစ်ဘာသာနဲ့ တစ်ဘာသာ၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားကြပြီး တိုင်းပြည်အေးချမ်း တည်ငြိမ်စေဖို့အတွက် တစ်ဖက် တစ်လမ်းကနေ ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ . . . ။ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိတယ်လို့ ကျွန်တော်တို့ အစ္စလာမ်ဘာသာလူထု ယုံကြည်ထားပါတယ်။ အခုနှစ်သစ်ကူးမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ပျော်ရွှင်ချမ်းမြေ့ပြီး နိုင်ငံအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ အားလုံးနှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ တွေ ပို့သလိုက်ပါတယ် ခင်ဗျာ။

သတင်းအဖွဲ့

ဓာတ်ပုံ-ကိုကိုဇော် (MNA)

No comments:

Post a Comment