Saturday, April 8, 2023

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲကျင်းပ

 


နေပြည်တော် ဧပြီ ၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိ Goal Medal ခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ကျောင်းသားအားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်ချမှတ် ဆောင်ရွက်လျက်ရှိရာ၊ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေး” ဟူသော ရည်မှန်းချက်လည်း အပါအဝင်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်မှသာ ကဏ္ဍအလိုက် ရည်မှန်းချက်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဘောလုံးအားကစားပြိုင်ပွဲတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး အချင်းချင်းစည်းလုံးညီညွတ်စွာ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကြပြီး မိမိတို့အသင်း အောင်မြင်မှုရရှိစေရန် ဇွဲ၊ လုံ့လ၊ ဝီရိယ အပြည့်ဖြင့် ဖြူစင်သန့်ရှင်းစွာ ကြိုးစားယှဉ်ပြိုင်ကြသည်ကို တွေ့ရပါကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့်ဝန်ကြီးဌာနဂုဏ်ကို မြှင့်တင်ခြင်းလည်းဖြစ်ကြောင်း၊ ကျောင်းသား အားကစားသမားအဆင့်မှသည် နိုင်ငံ့ကိုယ်စားပြု အားကစားသမားကောင်းများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒိုင်များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ဇုန်အလိုက် ကိုယ်စားပြုအဖွဲ့ လေးဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနာက် အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူတင်စကားပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အုပ်ချုပ်သူ၊ နည်းပြနှင့် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ ကျောင်းသားအားကစားသမားများနှင့်အတူ ဂုဏ်ပြုညစာ အတူတကွသုံးဆောင်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment