Sunday, April 30, 2023

ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဧပြီ ၂၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်အတူ ယနေ့တွင်ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)လမ်းမကြီးနှင့် အမှတ် (၇) လမ်းမကြီးအကြားရှိ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိသည်။ ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက် တာများအသင်းတို့မှ တာဝန်ရှိသူနှင့်တွေ့ဆုံပြီး လုပ်ငန်းလိုအပ်ချက်များကိုညှိနှိုင်းပေါင်းစပ်ပေးသည်။

တွေ့ဆုံပွဲတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးက ပြည်သူ့အငှားအိမ်ရာစီမံကိန်း ဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသက်နိုင်မိုးက ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့်မြို့ပြ၊ ရေသန့်၊ လျှပ်စစ်အပိုင်းလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုကိုလည်းကောင်း အသေးစိတ်ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းတို့မှတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ အပိုင်းလိုက် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက် နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌမြို့တော်ဝန် ဦးဗိုလ်ဌေးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာနေပြည်တော်နှင့် မန္တလေးမြို့တို့တွင်ဆောက်လုပ်ပြီးစီးပြီဖြစ်၍ နေရာချထားပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိ သည့်အပြင် အဆောက်အအုံများ ထပ်မံဆောက်လုပ်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိ ကြောင်း၊ ရန်ကုန်ပြည်သူ့အငှား အိမ်ရာစီမံကိန်းအနေဖြင့် ၈၂ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ အရည် အသွေးပြည့်မီစွာဖြင့်သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေးဦးစားပေး ဆောင်ရွက်သွားရန်နှင့် ပြီးစီးမှု ပေါ်မူတည်၍ အပိုင်းလိုက်နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အိမ်ရာ စီမံကိန်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သန့်ရှင်းသပ်ရပ်စေ ရေးနှင့်သွားလာရေး လွယ်ကူ အဆင်ပြေစေရေး စီစဉ်ဆောင်ရွက် ပေးရန်တို့ကိုမှာကြားပြီး အိမ်ရာစီမံကိန်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအားမှာကြား၍ ပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) လမ်းမ ကြီး မိုင်တိုင်အမှတ်(၁၄/၂)နှင့် အမှတ်(၃)လမ်းမကြီး မိုင်တိုင်အမှတ်(၄ /၁)တို့တွင် လမ်းဦးစီး ဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မက်စ်မြန်မာကုမ္ပဏီမှ BOT စနစ်ဖြင့်ဆောင်ရွက်သောလက်ရှိ လေးလမ်းသွားမှ ခြောက်လမ်းသွားအဆင့် လမ်းတာပေါင်တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ကတ္တရာ ကွန်ကရစ်(AC) ခင်းခြင်းလုပ်ငန်းခွင်သို့ရောက်ရှိသည်။ ယာယီရှင်းလင်းဆောင်တွင် မက်စ်မြန်မာ ကုမ္ပဏီမှတာဝန်ရှိသူကလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ တင်ပြမှုများနှင့်စပ်လျဉ်း၍ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းမြင့်ထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြမှုကို ပြည်ထောင်စုဝန်ကြီးက လမ်းအင်္ဂါရပ်များနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ လမ်းဘေးရေမြောင်းများရေစီးရေလာ ကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ပေးရန်၊ ကတ္တရာကွန်ကရစ်(AC)ခင်းခြင်း အပိုင်းကိုစီမံချက်အတိုင်းပြီးစီးရေးနှင့် မြေကြီးတာပေါင်လုပ်ငန်းများကို မိုးမကျမီအပြီးဆောင်ရွက်ရန်တို့ကိုမှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment