Tuesday, April 4, 2023

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် ဧပြီ ၃

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၇၀၀ ကျော်ကို ပြန်လည်လက်ခံရန် လျာထားပေးပို့

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊ ဒေါက်တာအောင်ကြီး၊ ဒေါက်တာမိုးဇော်ထွန်း၊ ပါမောက္ခဒေါက်တာအေးထွန်း၊ ဦးစိုးကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော် အောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကျန်လုပ်ငန်းကော်မတီဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် အဖွဲ့ဝင် နှစ်ဦးတို့သည် Virtual စနစ်နှင့် ရခိုင်ပြည်နယ်စစ်တွေမြို့မှ တက်ရောက်ကြသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်နေရာချထားရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေးတို့ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေသကဲ့သို့ ဗဟိုကော်မတီ၏အောက်တွင် လုပ်ငန်း ကော်မတီ (၅) ခု ဖွဲ့စည်းကာ လုပ်ငန်းများကို ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ အနေဖြင့်လည်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘောတူညီချက်များအရ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပေးပို့လာသည့် အိမ်ထောင်စုလူဦးရေစာရင်းများအနက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စိစစ်ပြီးဖြစ်သည့် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထား တွေ့ရှိသူ ၅၆၀၀၀ ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင် ပါဝင်သူ ၉၀၀ ခန့်၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိသူ ၃၀၀၀၀ ကျော်၊ စုစုပေါင်း လူဦးရေ ၈၇၀၀၀ ကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ပေးပို့အကြောင်းပြန်ကြားပြီးဖြစ်ပါကြောင်း၊ ယင်းတို့အနက် နှစ်နိုင်ငံညှိနှိုင်းချက်အရ ပြန်လည် လက်ခံရေးလုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်နိုင်ရန် သဘောတူခဲ့ပြီး အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်ကို ပြန်လည်လက်ခံရန် လျာထားပေးပို့ခဲ့ပါကြောင်း။

အတည်ပြုချက်ရယူသွားမည်

သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Pilot Project ဖြင့် ပြန်လည်လက်ခံ ရန်လျာထားသူ ၇၀၀ ကျော်အပြင် ၎င်းတို့၏ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်၏စာရင်းပါ ထပ်တိုး၍ သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပို့လာပါကြောင်း၊ အဆိုပါစာရင်းများအား လုပ်ငန်းကော်မတီ၏ ယခင်ကျင်းပခဲ့သည့် (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်းချပြခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ ယင်းသို့ စိစစ်အတည်ပြုရန် ကျန်ရှိသည့် ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်ကို မျက်မြင်တွေ့ဆုံ မေးမြန်းစိစစ်နိုင်ရန် မျက်မြင်စစ်ဆေးရေး အဖွဲ့ ဖွဲစည်းခဲ့ပါကြောင်း၊ မိမိတို့ဘက်မှ မျက်မြင်စစ်ဆေးရေးအဖွဲ့သည် ပြီးခဲ့သည့် မတ် ၁၅ ရက် မှ ၂၁ ရက်အထိ မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့သို့သွားရောက်၍ မိသားစုဝင် ၄၀၀ ကျော်ကို မျက်မြင်တွေ့ဆုံမေးမြန်း စိစစ်ခဲ့ပါကြောင်း၊ မျက်မြင်စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ နှစ်နိုင်ငံသဘောတူညီချက် (၅) ရပ်နှင့် ကိုက်ညီသဖြင့် လက်ခံနိုင်သူများရှိသကဲ့သို့ ပြန်လည်သုံးသပ်၍ ညှိနှိုင်းဆွေးနွေး အတည်ပြုရမည့်သူများလည်း ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ မျက်မြင်စစ်ဆေး တွေ့ရှိချက်များအား မိမိတို့လုပ်ငန်း ကော်မတီမှဆွေးနွေးပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီသို့ တင်ပြမည်ဖြစ်ပါကြောင်း၊ ယင်းကော်မတီမှတစ်ဆင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူ သွားမည်ဖြစ်ပါကြောင်း။

ထို့ပြင် ယခင်ကပင် စိစစ်အတည်ပြုပြီးဖြစ်သည့် ဟိန္ဒူဘာသာဝင် ၃၀၀ ကျော်ကိုလည်း ဒုတိယအကြိမ် Pilot Project တွင် ပြန်လည်လက်ခံရန် လျာထားပါကြောင်းနှင့် ယင်းကိစ္စရပ်များအား နောင်ကျင်းပမည့် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ (JWJ) အစည်းအဝေးတွင် ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းနှစ်ခုတွင် မိမိတို့ဌာနဝန်ထမ်း များနှင့် ဆက်စပ်ဌာနများမှ ဝန်ထမ်းများသည် လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ တာဝန်ချထားပြီး ပြန်လည်လက်ခံရေး စီမံချက်နှင့်အညီ ပြန်လည်လက်ခံရန် အသင့်ရှိနေပါကြောင်း၊ လုပ်ငန်းကော်မတီဝင်များအနေဖြင့် မျက်မြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးပြီးစီးခဲ့သူအား ယခင်စိစစ်အတည်ပြုသူများနှင့်အတူ Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်မည့်အခြေအနေကို စိစစ်သုံးသပ် အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်က ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်း ကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်မှု ကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက မျက်မြင် စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် စိစစ်သုံးသပ်ရမည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် လုပ်ငန်းကော်မတီဝင်များ၊ ရခိုင်ပြည်နယ် စစ်တွေမြို့မှ Virtual စနစ်ဖြင့် တက်ရောက်ကြသည့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ ကို ဌာနအလိုက်ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် မျက်မြင်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များအပေါ် Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်ရေးအတွက် သုံးသပ်အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ပြန်လည်ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့်ပတ်သက်သည့် ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြ၍ အတည်ပြုဆုံးဖြတ်ချက် ရယူပြီးနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနက် Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်ရေးအတွက် စိစစ်အတည်ပြုပြီးသူများကို အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြကာ လုပ်ငန်းများ အမြန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment