Tuesday, April 4, 2023

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ (၃၉) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၃

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူကို ထိခိုက်မှုမရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းတွင် အကျိုးရှိစွာအသုံးပြုနိုင်ရန် ပိုးသတ်ဆေးများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် အရည်အသွေး ပြည့်ဝရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပိုးသတ်ဆေးသိုလှောင်ခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူဖြန့်ဖြူးရောင်းချခြင်း စသည့်ထိန်းသိမ်းမှု ကိုင်တွယ်မှုစနစ်တကျဖြစ်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုရာ၌ မူလဆေးညွှန်းပါအတိုင်း တိကျစွာအသုံးပြုရေးနှင့် ပိုးသတ်ဆေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများကို ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက အကြောင်းအရာ တစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးသီးနှံများ၏ အရည်အသွေးနှင့်အထွက် နှုန်းတိုးတက်စေရန် အထောက်အကူပြုသော သွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေးများ အရည်အသွေးပြည့်မီရန်၊ အန္တရာယ်ကင်းသော ပိုးသတ်ဆေးများကိုထိရောက်စွာ အသုံးပြုနိုင်ရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ပိုးသတ်ဆေးဥပဒေအရ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၈) ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့်ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း ၄၁၅၇ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ယနေ့ကျင်းပသည့် (၃၉) ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များကစိစစ်ပြီး တင်ပြလာသည့် ပိုးသတ်ဆေးအမျိုးပေါင်း ၁၂၂ မျိုးကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment