နေပြည်တော် မတ် ၂၉
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး
ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်
ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့်
ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဦးလှမောင်ရွှေ၊ ဗိုလ်မှူးကြီး
ဝဏ္ဏအောင်နှင့် အထောက်အကူပြုအဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ NCA-S-EAO အလွတ်သဘော
ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း(RCSS)၊ ဒုတိယအဖွဲ့ခေါင်းဆောင်
များဖြစ်ကြသည့် စောမြရာဇာလင်း(ALP)နှင့် နိုင်အောင်မငေး(NMSP) ၊ အဖွဲ့ဝင်များဖြစ်ကြသည့်
စောကျော်သန်းဌေး (DKBA)၊ စောကျော်ညွန့် (KNU/KNLA-PC)၊ ကျာဖူး(LDU)၊ ခွန်မင်းသိန်း(PNLO)နှင့်
အထောက်အကူပြုကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲနှစ်ရက်တာအတွင်း အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု
အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စ၊
ဖက်ဒရယ်အခြေခံမူများကိစ္စ၊ အရပ်သားများကာကွယ်ပေးရေးဆိုင်ရာကိစ္စ၊ နှစ်ဖက်ဘုံသဘောတူညီချက်များ
ရရှိနိုင်ရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စနှင့်
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) မှ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရေး
ကိစ္စရပ်များအား နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့နောက် အထွေထွေ
ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထား
စုစည်းချက်များအား မှတ်တမ်းတင်ကာ တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment