နေပြည်တော် မတ် ၂၉
ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျင်းပရန် စီစဉ်ဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ကောင်းမွန်စေရေးအတွက်
ရည်ရွယ်ကျင်းပသည့် ပညာရေးညီလာခံကို ပညာရေးဝန်ကြီးဌာန နှင့် ဆက်စပ်ဝန်ကြီးဌာနများပူးပေါင်း၍
နေပြည်တော်၌ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
ဦးတည်ချက် (၁၂) ရပ်အနက်မှ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော
ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်
ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး” ဦးတည်ချက်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ပညာရေးညီလာခံကို
ကျင်းပရခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်အတွက်
ကျောင်းနေအရွယ်ကလေးအားလုံး KG+9 မဖြစ်မနေ ပြီးမြောက်အောင်မြင်ရေး၊ ပညာသင်ယူမှု အခွင့်အလမ်းများ
မြှင့်တင်ရေး၊ ကျောင်းတက်ရောက်သူဦးရေ ပိုမိုတိုးတက်လာစေရေး၊ KG+9 အလွန် ပညာရေးအခွင့်အလမ်း
ဖွံ့ဖြိုးတိုးတက်ရေး၊ သက်မွေးပညာ စဉ်ဆက်မပြတ်သင်ယူလေ့ကျင့်ရေး၊ အဆင့်မြင့်ပညာ တိုးတက်အောင်မြင်ရေးနှင့်
အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ရေး၊ အရည်အသွေးရှိသော ဆရာ ဆရာမများ ဖြည့်ဆည်းလေ့ကျင့်ပျိုးထောင်ရေး
အစရှိသည့် ဆွေးနွေးပွဲခေါင်းစဉ်များကို အသေးစိတ် ဝိုင်းဝန်းဆွေးနွေး သတ်မှတ်ပေးကြစေလိုကြောင်း
ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အနာဂတ်ပညာရေးအတွက် ရှေ့လုပ်ငန်းစဉ်များ
ပေါ်ထွက်လာရေးဆိုင်ရာများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ညီလာခံစာတမ်း
ဖတ်ကြားဆွေးနွေးရေးနှင့် ပြခန်းများ ခင်းကျင်းပြသရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ပြန်လည်ဆွေးနွေးညှိနှိုင်း
ယင်းနောက် ဆက်စပ်ဝန်ကြီးဌာနများမှ အစည်းအဝေးတက်ရောက်လာသူများက ညီလာခံ
ဆွေးနွေးပွဲ ခေါင်းစဉ်တစ်ခုချင်းစီအလိုက်လည်းကောင်း၊ ပညာရေးကဏ္ဍများကို အုပ်စုလိုက်လည်းကောင်း အသေးစိတ်ဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က ပြန်လည်ဆွေးနွေး
ညှိနှိုင်းဆောင်ရွက်ကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment