Thursday, March 9, 2023

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် Fancy လက်မှုထည်ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနေမှုများအား ကြည့်ရှုအားပေး

 

မုံရွာ မတ် ၉

လူငယ်များအလုပ်အကိုင်ရရှိစေရေးအတွက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချစေရေးအတွက် အထောက်အကူပြုစေရန်နှင့် လူငယ်များသမာအာဇီဝကျကျ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Fancy လက်မှုထည်ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်း အနားကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။







ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က လူငယ်များသည် နိုင်ငံတော်အတွက် တန်ဘိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော် ဖွံ့တိုးတက်ရေးလုပ်ငန်းများတွင် ထူးခြားသည့်အင်အားစုတစ်ရပ် ဖြစ်ပါကြောင်း၊ လူငယ်ရေးရာ ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင်အလင်း ဆောင်အံ့ ”ဆိုသည့် ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအားကစားသင်တန်းများအား ခရိုင်/မြို့နယ်အားလုံးတွင် အနည်းဆုံးအားကစားနည်း ၁၀ မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊

တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေဖြင့် ကျောင်းမနေသည့် ကလေးများ၊ လမ်းပေါ်နေကလေးများနှင့် ပတ်သက်၍ အလုပ်အကိုင်ရရှိစေရေးအတွက် စားသောက်ကုန်သင်တန်း၊ အိမ်တွင်းမှုသင်တန်း၊ စက်မှုလက်မှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများ အနေဖြင့်လည်း သင်တန်းမှပို့ချပေးသွားမည့် နည်းပညာရပ်များကို စာတွေ့လက်တွေ့ လုပ်ငန်းများဆောင်ရွက် ရာတွင် စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူမှတ်သားသွားကြရန်နှင့် သင်တန်းမှချမှတ် ထားသည့် စည်းမျဉ်း၊စည်ကမ်းများအား အပြည့်အဝလိုက်နာသွားကြရန်၊ ရက်တိုကာလသင် တန်းဖြစ်သည့်အတွက် သင်တန်းပျက်ရက်မရှိအောင် တက်ရောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများနှင့် နည်းပြ ထံထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်ကြားမှုအခြေခံပစ္စည်းများနှင့် နမူနာပုံစံများအား ကြည့်ရှုအားပေးပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ Fancy လက်မှုထည်ထုတ်လုပ်နည်းသင်တန်းအား ရက်သတ္တပတ်အကြာ သင်ကြားသွားမည် ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၉ ဦး တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့အားကစားကွင်း အတွင်း နွေရာသီအားကစားသင်တန်းများတွင် သင်တန်းဆရာများ၏ သင်ကြားပေးနေမှုအပေါ် သင်တန်းသား၊သင်တန်းသူများမှ လိုက်ပါလေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး၊ ဖြေဆိုမှုများအားစည်းကမ်း တကျရှိစေရေး၊ သွားလာမှုအဆင်ပြေစေရေးနှင့် ကျန်းမာရေး၊ လုံခြုံရေးဆောင်ရွက်ပေးမှုဆိုင်ရာ တို့အားမှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment