Thursday, March 2, 2023

စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူတိုင်ကြားမှုနှင့် အရေးယူမှုဆိုင်ရာလုပ်ငန်းစဉ်များ ထုတ်ပြန်ထားရှိပြီဖြစ်

 

 

နေပြည်တော် မတ် ၁

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ မွန်းလွဲ ၂ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးက စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူတိုင်ကြားမှုနှင့် အရေးယူမှု ဆိုင်ရာလုပ်ငန်းစဉ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းစဉ်နှင့် ဘေးအန္တရာယ်ရှိသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများကို  ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်းနှင့် တားမြစ်ခြင်းဆိုင်ရာ လုပ်ငန်း စဉ်များကို ထုတ်ပြန်ထားရှိပြီ ဖြစ်ကြောင်း။

သို့သော် စားသုံးသူများတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဥပဒေပါ စားသုံးသူ အခွင့်အရေးများကို ကောင်းစွာသိရှိသူ အလွန်နည်းပါးနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် စားသုံးသူများသည် မိမိ၏နစ်နာဆုံးရှုံးမှုအတွက် ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်များကို ဥပဒေက စားသုံးသူအခွင့်အရေးများအဖြစ် ပေးအပ်ထားမှု အပေါ် သိရှိသူအလွန်နည်းပါး ပါကြောင်း၊ စားသုံးသူတွင် ဥပဒေအရပေးအပ်သော အခွင့်အရေးများရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဥပဒေအရ လိုက်နာရမည့် တာဝန်များလည်းရှိပါကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ အသိပညာ ပေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားသော စားသုံးသူရေးရာကော်မတီများကိုလည်း  ဥပဒေအရ လုပ်ပိုင်ခွင့်များ အပ်နှင်းထား ပြီဖြစ်ရာ ကော်မတီများအနေဖြင့် စားသုံးသူအသိပညာ ပေးလုပ်ငန်းအပါအဝင် မိမိ၏လုပ်ပိုင်ခွင့်အရ ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း၊ လိုအပ်သည်များကိုလည်း ကော်မရှင်နှင့်ဆက်သွယ်၍ ဆောင်ရွက်စေလိုပါကြောင်း၊ စားသုံးသူအသိပညာပေးဆောင်ရွက်ရာတွင်လည်း လူလတ်ပိုင်းနှင့် လူငယ်ပိုင်းများကို အဓိကထား၍ ဆောင်ရွက်ရန် လိုအပ်လာသည် ကို တွေ့ရှိရကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် မတ် ၁၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ကို “စားသုံးသူ ကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင် ကူးပြောင်းစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စားသုံးသူပြည်သူ များ စိတ်ပါဝင်စားနိုင်သော အစီအစဉ်များကို ဆန်းသစ်တီထွင်၍ ကျယ်ပြန့်စွာဆောင်ရွက် သွားနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

ထို့နောက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ အဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် တက်ရောက်လာကြ သူများက ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment