နေပြည်တော် မတ် ၂၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃ ) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး
မြထွန်းဦး၊ ဦးဝင်းရှိန်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊
အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ပြင်ဆင်ဖွဲ့စည်းပေးခဲ့
အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁
ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး
ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၁၂) ရပ်ကို ပြင်ဆင်ချမှတ်ကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ
စိုးမိုးရေး၊ ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ
မွေးထုတ်ပေးနိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
ဦးဆောင်ကော်မတီကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၃) ဖြင့် ပြင်ဆင်ဖွဲ့စည်း ပေးခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက် (၄) ရပ်အနက်
“သွင်းကုန်အစားထိုးရန် နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့်
အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး
နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”ကို
အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကအတားအဆီးသည် “တရားမဝင်ကုန်သွယ်မှုများ” ဖြစ်ကြောင်း၊
ပြည်ပမှ တရားမဝင်တင်သွင်းမှုများကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု မရှိတော့သည့် အပြင်
ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ တိုးတက်မှုကို
များစွာအဟန့်အတားဖြစ်စေကြောင်း၊ ထို့ပြင် ပြည်တွင်း MSME များမှ ထုတ်လုပ်သည့် ကုန်စည်များကို
သွင်းကုန်အစားထိုးအသုံးပြုနိုင်ရန် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိအောင် အဓိက ထိုးနှက်ဟန့်တား
နှောင့်ယှက်နေမှုသည် အခွန်မဆောင်ဘဲ ပြည်ပက တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ ဖြစ်ကြောင်း၊
အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်စည်များကို တားဆီး၊ စစ်ဆေး၊ အရေးယူနိုင်မှုမရှိလျှင်
ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်မှု ဦးမော့လာရန် ခက်ခဲနေဦးမည် ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို
ထိရောက်စွာ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူနိုင်မှသာ ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်လာမည်
ဖြစ်ကြောင်း။
ထိရောက်စွာ တားဆီးစစ်ဆေး
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလက ဖမ်းဆီးရမိ အမှုတွဲ ၄၇၇ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ်
၁၂ ဘီလီယံ ကျော်ဖြစ်ပြီး ဇန်နဝါရီလနှင့်နှိုင်းယှဉ်လျှင် အမှုတွဲ ၆၁ မှု ခန့်မှန်း
တန်ဖိုးငွေကျပ် ၄ ဒသမ ၆၃ ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလနှင့်
နှိုင်းယှဉ်လျှင် အမှုတွဲ ၂၃၀ ခန့်မှန်းတန်ဖိုး ငွေကျပ် ၈ ဒသမ ၈၆ ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း၊
ထိုသို့ ဖမ်းဆီးနိုင်ခြင်းသည် တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၊
အကောက်ခွန် ဦးစီးဌာနနှင့် OSS ဌာနဆိုင်ရာများအနေဖြင့် ရေးဆွဲတင်ပြထားကြသည့် စီမံချက်များအတိုင်း
ထိရောက်စွာ တားဆီးစစ်ဆေးဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း။
တစ်ဖက်တွင်လည်း ဖမ်းဆီးရမိမှုများ တိုးတက်လာခြင်းသည် တရားမဝင်ကုန်သွယ်မှုများ
များနေ သေးသည်ဟု ယေဘုယျသုံးသပ်ရမည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို
အဓိကထိုးနှက်နေသည့် တရားမဝင်ကုန်သွယ်မှုများ ထိထိရောက်ရောက်နှင့် အရှိန်အဟုန်မြှင့်
ပူးပေါင်းတားဆီးဆောင်ရွက်သွားကြရန် လိုကြောင်း။
တရားမဝင် တင်ပို့၊ တင်သွင်းခြင်းများကျူးလွန်
တရားမဝင်ကုန်သွယ်မှုများကို ဆောင်ရွက်နေကြသူများသည် ကုန်သွယ်မှုဆိုင်ရာ
မူဝါဒ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၏ ဟာကွက်၊ ပျော့ကွက်နှင့် အားနည်းချက်များအပြင်
ကုန်တင်ယာဉ်အားလုံး ရာနှုန်းပြည့် ကုန်ချစစ်ဆေးရန် မဖြစ်နိုင်သည့် အခြေအနေများနှင့်
လုံခြုံရေးအရ ကန့်သတ်ချက်များအပေါ် အခွင့်ကောင်းယူ၍ နည်းမျိုးစုံ တရားမဝင် တင်ပို့၊
တင်သွင်းခြင်းများ ကျူးလွန်ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရကြောင်း။
ဟန်ချက်ညီညီ အသုံးပြုဆောင်ရွက်
ယခင်က တရားမဝင်ကုန်စည်များကို စစ်ဆေးရာတွင် ဝန်ထမ်းအင်အားကို အဓိကအခြေခံ၍
စစ်ဆေးခဲ့ကြကြောင်း၊ ကုန်သွယ်မှုပမာဏကြီးမားသည့် စခန်းများတွင် ဝန်ထမ်းအင်အား ပိုမိုအသုံးပြု
စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အတွက် စခန်းအကြီး၊ အသေးအပေါ်မူတည်၍ တရားမဝင် ကုန်သွယ်မှုများ
တားဆီးနိုင်ခြင်း ကွာခြားပါကြောင်း၊ ခေတ်စနစ်နှင့်အညီ အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်၊
ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Tradenet 2.0 နှင့် QR Code စနစ်များကို အသုံးပြုလာသည့်အတွက်
ကုန်စည်စီးဆင်းမှု ပိုမိုမှန်ကန်မြန်ဆန်လာသကဲ့သို့ တရားမဝင် ကုန်သွယ်မှုများ ပိုမိုထိရောက်စွာ
တားဆီးအရေးယူနိုင်လာသည်ကို တွေ့ရကြောင်း၊ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စနစ်နှင့်ဝန်ထမ်းကို
ဟန်ချက်ညီညီ အသုံးပြုဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ သို့မှသာ ထိရောက်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
ဖြစ်လာမည် ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် သမားရိုးကျနည်းလမ်းများအပြင်
ခေတ်နှင့်လျော်ညီ သည့် နည်းစနစ်များကို အသုံးချဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်
တရားမဝင်ကုန်သွယ်မှု လျော့နည်းကျဆင်းရေးအတွက် ကုန်စည်သယ်ဆောင်ရာတွင်
ကွန်တိန်နာ ကိုသာ အသုံးပြုပြီး E-Lock စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ဆောလျင်စွာ စတင်အကောင်အထည်ဖော်
ဆောင်ရွက်သင့်ကြောင်း၊ ထို့ပြင် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များကို လက်လီလက်ကား
အရောင်းဆိုင်များနှင့် Shopping Mall များမှတစ်ဆင့် ဈေးကွက်အတွင်း ဖြန့်ချိခြင်းနှင့်
လက်လီရောင်းချခြင်းများ မပြုလုပ်စေရန် အသိပညာပေးခြင်း၊ သတိပေးခြင်း၊ တားဆီးခြင်း၊ စစ်ဆေးခြင်း၊
ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းတို့အတွက် အချိန်ကာလသတ်မှတ် ဆောင်ရွက်ရန် အကြံပြုဆွေးနွေးကြစေလိုကြောင်း။
စနစ်တကျ သုံးသပ်ဆောင်ရွက်
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၂ ခုနှစ်
ဇန်နဝါရီလမှ စတင်၍ တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲများအပေါ် သုံးသပ်ရာတွင်
အများစုသည် ကုန်စည်အမျိုးအစားတူ တန်ချိန်ပိုမိုတင်ဆောင်ခြင်း (အပို)နှင့် တန်ဖိုးကြီးပစ္စည်းများကို
အခွန်မဆောင်ဘဲ အခွန်ဆောင်ထားသည့် တန်ဖိုးနည်းပစ္စည်းတွေနှင့် ရောနှောသယ်ဆောင်ခြင်း
(အလွဲ)များဖြစ်ကြောင်း၊ ထို့ကြောင့် တားဆီး၊ စစ်ဆေးရသည့် တာဝန်ကျဝန်ထမ်းများအနေဖြင့်
ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များအပြင် အတွေ့အကြုံ၊ ဆင်ခြင်တုံတရားများနှင့်ပါ
စနစ်တကျ သုံးသပ်ဆောင်ရွက် တားဆီးစစ်ဆေးကြရမည်ဖြစ်ကြောင်း။
တားဆီးအရေးယူ ဆောင်ရွက်
နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို လိုက်ပါဆောင်ရွက်ခြင်းမပြုဘဲ
တရားမဝင်နည်းလမ်းဖြင့် ကုန်သွယ်မှုဆောင်ရွက်လိုသည့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့်
တရားမဝင်နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ကြရာတွင် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းအချို့ကိုချဉ်းကပ်၍
စစ်ဆေးရေးစခန်းများကို ကျော်ဖြတ်ရန် ကြိုးပမ်းလာကြသည်ကို ဖြစ်စဉ်များအရ တွေ့ရကြောင်း၊
စစ်ဆေးရန် တာဝန်ထမ်းဆောင်ကြရသည့် ဝန်ထမ်းများအနေဖြင့် တွေ့ကြုံရသည့်အခြေအနေများကို
အနီးစပ်ဆုံး တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များသို့ လည်းကောင်း၊ အနီးဆုံး တိုင်းစစ်ဌာနချုပ်များသို့လည်းကောင်း
အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် သတင်းပို့တင်ပြ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
တားဆီးအရေးယူ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ချက်ချင်းတားဆီးရန်မဖြစ်နိုင်သည့် အခြေအနေကြောင့် လွတ်သွားသည့် တရားမဝင်ကုန်စည်များ
သယ်ဆောင်လာသည့်ယာဉ်များကို နောက်ဆုံးရောက်နေသည့်နေရာအထိ သက်ဆိုင်ရာနယ်မြေခံ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်
Network ချိတ်ဆက်၍ တားဆီးအရေးယူသွားကြရမည် ဖြစ်ကြောင်း။
နှစ်နိုင်ငံ အစိုးရချင်းဆွေးနွေး
နယ်စပ်ဖြတ်ကျော် တရားမဝင်ပို့ကုန်များ တစ်ဖက်နိုင်ငံသို့ မရောက်ရှိစေရေးနှင့်
တရားမဝင် သွင်းကုန်များမိမိနိုင်ငံဘက်သို့ မဝင်ရောက်လာစေရေးအတွက် အိမ်နီးချင်းကောင်းပီသစွာ
နှစ်နိုင်ငံ အစိုးရချင်း ဆွေးနွေးညှိနှိုင်း ပူးပေါင်းတိုက်ဖျက်ရန် လိုအပ်ကြောင်း၊
အိမ်နီးချင်းနိုင်ငံများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ရည်မှန်းပြင်ဆင်ထားကြရမည်
ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုသည် မိမိတို့တစ်နိုင်ငံတည်း ရင်ဆိုင်ဖြေရှင်းနေရသည့်
ပြဿနာမဟုတ်ဘဲ နိုင်ငံတိုင်းလိုလို ရင်ဆိုင်နေကြရသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုကို
တားဆီးအရေးယူဆောင်ရွက်ရာတွင် အခြားနိုင်ငံများ၏ နည်းလမ်းကောင်းများကို လေ့လာပြီး မိမိတို့နိုင်ငံ၏
အခြေအနေနှင့်ကိုက်ညီမည့် နည်းလမ်းများကို ဖော်ထုတ်အသုံးချ ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုကို တားဆီးကြရသည့် ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းကြ
ရမည်ဖြစ်ကြောင်း၊ ယခင်က တရားမဝင်ကုန်စည်များကိုသာ အဓိကအရေးယူ ဆောင်ရွက်ခဲ့ သော်လည်း
နောက်ပိုင်းတွင် အဆိုပါတရားမဝင်ကုန်စည်များ ဝင်ရောက်လာသည့်လမ်းကြောင်း၊ ဖြတ်သန်းလာသည့်
စစ်ဆေးရေးဂိတ်များနှင့် ဖြတ်သန်းသယ်ဆောင်ပုံ နည်းလမ်းများကိုပါ နောက်ကြောင်းပြန်စစ်ဆေးမှုများ
ပြုလုပ်နေပြီဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတွင် ပါဝင် ပတ်သက်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့်
တစ်နည်းနည်းဖြင့် ဖော်ထုတ်အရေးယူခံရမည်ကို အသိပေးလိုကြောင်း၊ ထို့အတူ လုံခြုံရေးအသိ၊
လုံခြုံရေးသတိ အမြဲရှိနေကြရမည်ဖြစ်ပြီး လုံခြုံရေး အတွက် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျစီမံ
ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဘဏ္ဍာလည်း ဆုံးရှုံးရ
ဖမ်းဆီးရမိကုန်စည်များ ခန့်မှန်းတန်ဖိုးတွက်ချက်ရာတွင် ဖောင်းပွမှုမရှိစေရေး
ဂရုပြုကြရန်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ မှန်မှန်ကန်ကန် တန်ဖိုးသတ်မှတ်ကြရမည်ဖြစ်ကြောင်း၊
ဖမ်းဆီးရမိ ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့်
အခွန်ဘဏ္ဍာများ နိုင်ငံတော်က ရရှိရန်လိုအပ်ကြောင်း၊ ဖမ်းဆီးမှုများရှိပြီး လေလံမတင်မီ
ဖမ်းဆီးပစ္စည်းများ ပျက်စီးဆုံးရှုံးသွားမည်ဆိုပါက ဖမ်းဆီးပေးသူများ၏ ကြိုးစားအားထုတ်မှုများသည်
အချည်းနှီး ဖြစ်ရပြီး နိုင်ငံတော်ဘဏ္ဍာလည်း ဆုံးရှုံးရကြောင်း၊ ထို့ကြောင့် ဖမ်းဆီးရမိပစ္စည်းများကို
တာဝန်ယူ ဆောင်ရွက်ကြရသည့် ဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်စီမံ ဆောင်ရွက်သွားကြရမည်
ဖြစ်ကြောင်း။
အရေးပါသော အခန်းကဏ္ဍမှပါဝင်နေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်
ဦးတည်ချက် (၁၂) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် “တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး”
သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို ယခုထက် ပိုမိုတားဆီး၊
စစ်ဆေး၊ အရေးယူဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းရှာဖွေ ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊
ရေရှည်တွင် တရားမဝင်ကုန်သွယ်မှု လျော့နည်းကျဆင်းရေးအတွက် Box Truck ၊ ကွန်တိန်နာများကို
အသုံးပြုပြီး ကုန်သွယ်မှုပြုစေခြင်း၊ ခေတ်မီနည်းပညာများကို အသုံးပြုခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်
ဆွေးနွေးညှိနှိုင်းခြင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ ဈေးကွက်အတွင်း လက်လီ၊
လက်ကား ရောင်းချမှုမရှိစေရေး တားဆီး၊ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၊
ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
တာဝန်ရှိသူများအနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို
ဦးဆောင်ကော်မတီသို့ သတင်းပေးပို့ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)
ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို
ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီ ရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးအောင်သွင်ဦး၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးဟန် ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်၊ အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်၊ ပဲခူးတိုင်းဒေသကြီးမှ
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး
ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) သို့ တင်ပြလာသည့် အမှာစာများကို
ဖတ်ကြားတင်ပြကြသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊
ဦးဝင်းရှိန်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့်
အစည်းအဝေးသို့တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍
ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆုံးဖြတ်ချက်(မူကြမ်း)များ ဖတ်ကြား
ယင်းနောက် ဦးဆောင်ကော်မတီ ရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေးဦးဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၃) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြား
တင်ပြသည်။
ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်းက ဆွေးနွေးတင်ပြ ချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး
နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်
No comments:
Post a Comment