Saturday, March 4, 2023

လူကုန်ကူးမှုတိုက်ဖျက်ရေး ကျယ်ပြန့်ထိရောက်စွာ အသိပညာပေး

 


ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံပေးခြင်းတို့ သည် လူကုန်ကူးမှုပင်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာကိုလည်းကောင်း၊ လုပ်အားကိုလည်းကောင်း ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အထက်ပါအတိုင်း လူကုန်ကူးမှုတွင် လှည့်ဖြားခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ အင်အားသုံးခြင်း စသည့်နည်းလမ်းများကို ကျူးလွန်သူတို့က သုံးစွဲကြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူကုန်ကူးမှုခံရသူ အများဆုံးရှိသော အာရှရပ်ဝန်းတွင်ပါဝင်နေပြီး ဆင်းရဲနွမ်းပါးမှု၊ အသိပညာဗဟုသုတနည်းပါးမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ ဝင်ငွေနည်းပါးမှု စသည့်အကြောင်းရင်းခံများကြောင့် လူကုန်ကူးမှု၏ သားကောင်များဘဝကျရောက်သွားကြရသည်။ လူကုန်ကူးမှုတွင် လူပွဲစားများက နယ်စပ်မြို့ သို့မဟုတ် တစ်ဖက်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင် စသည့်နေရာတို့တွင် လုပ်ခ လစာကောင်းကောင်းရရှိမည်ဟု စည်းရုံးခြင်း၊ အိမ်ဖော်၊ ကလေးထိန်း၊ သက်ကြီးရွယ်အိုတို့ကို ကြည့်ရှုစောင့်ရှောက်ရမည်ဟူ၍ စည်းရုံးခြင်း၊ တစ်နည်းနည်းဖြင့် ပြောဆိုစည်းရုံးပြီးနောက် လမ်းစရိတ်အကုန်ကျခံ၍ ခေါ်ဆောင်ခြင်း၊ ကြိုတင်ငွေထုတ်ပေးပြီး တစ်ဖက်နိုင်ငံရောက်ပါက မိဘများထံငွေလွှဲပေးမည်ဟု စည်းရုံးခြင်း၊ ဟန်ဆောင်လက်ထပ်ခြင်း၊ ရည်းစားအဖြစ် ချစ်ကြိုက်ဟန်ဆောင်ခြင်းဖြင့် လှည့်ဖြားကာ တစ်ဖက်နိုင်ငံသို့ အလည်အပတ်သို့မဟုတ် ခိုးပြေးသည့်ပုံစံဖြင့် ခေါ်ဆောင်ရောင်းစားခြင်း၊ တစ်ဖက်နိုင်ငံမှ အမျိုးသားနှင့် ဇနီးမယားအဖြစ် ပေါင်းသင်းပါက ငွေကြေးအမြောက်အမြားရမည်ဟု စည်းရုံးခြင်း စသည့်နည်းလမ်းများကို အသုံးပြုကြသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လျော့နည်းကျဆင်းရေးဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးမှာ လွန်စွာအရေးပါသည်။ လူကုန်ကူးမှုများကို သတိပြုရှောင်ရှား နိုင်ရန်အတွက် အသိပညာပေးမှုများ ပြုလုပ်လျက်ရှိသော်လည်း ပိုမိုကျယ်ပြန့်ထိရောက်သော အသိပညာပေးမှုများပြုလုပ်ရန် လိုအပ်နေဆဲဖြစ်သည်။ တစ်ဖက်နိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်သွားရောက်ခြင်းဖြင့် လူကုန်ကူးခံရမည့်အန္တရာယ်ကြုံတွေ့နိုင်ပုံ၊ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းဖြင့် အလုပ်သမားများ၏ အခွင့်အရေးများမရနိုင်သည့်အပြင် တရားမဝင် ခိုးဝင်မှုဖြင့်အဖမ်းခံရနိုင်ပုံ၊ တစ်ခါတစ်ရံတွင် စာချုပ်ချုပ်ဆို၍ အယုံသွင်းထားသည့်တိုင် လိမ်လည်ခံရနိုင်ပုံတို့ကို မီဒီယာနည်းလမ်းအမျိုးမျိုးတို့ဖြင့် လူကုန်ကူးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသည့် မိန်းကလေးငယ်များ၊ အမျိုးသမီးများ သိရှိနားလည်အောင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရမည်ဖြစ်သည်။

လူကုန်ကူးမှုကျူးလွန်သူများတွင် တရားခံအများစုသည် အမျိုးသမီးများဖြစ်ကြပြီး ငွေကြေးရယူလိုသည့် အလိုလောဘဖုံးလွှမ်းနေမှုကြောင့် လူကုန်ကူးမှုပြစ်မှုပြစ်ဒဏ်များ၏ ကြီးလေးမှုကို သတိမပြုနိုင်ကြဟု ယူဆရသည်။ အမျိုးသမီး/ကလေးများကို လူကုန်ကူးခြင်း၊ အမျိုးသားများကိုလူကုန်ကူးခြင်း၊ လူကုန်ကူးမှုကျူးလွန်စဉ် ထောင်ဒဏ်(၄)နှစ်နှင့် အထက် ချမှတ်နိုင်သည့်ပြစ်မှုကို ကျူးလွန်ခြင်း၊ ဂိုဏ်းဖွဲ့လူကုန်ကူးမှုကျူးလွန်ခြင်း စသည့်ပြစ်မှုများအတွက် ပြစ်ဒဏ်များတွင် ထောင်ဒဏ်(၅)နှစ်၊ (၁၀) နှစ်၊ နှစ် (၂၀)၊ ထောင်ဒဏ်တစ်သက်တို့အပြင် ငွေဒဏ်များမှသည် အမြင့်ဆုံးသေဒဏ်အထိ ချမှတ်နိုင်ရာ ဥပဒေဘောင်အတွင်းနေထိုင်ခြင်းနှင့် သမ္မာအာဇီဝအသက်မွေးခြင်းဖြင့်သာ ကောင်းမွန်သည့်ဘဝကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:

Post a Comment