Saturday, March 4, 2023

အွန်လိုင်းနည်းပညာအသုံးပြု လှည့်ဖြားဆောင်ရွက်မှုသတိပြု

 


၂၁ ရာစုကာလတွင် ကမ္ဘာပေါ်၌ နည်းပညာများ အလျင်အမြန်တိုးတက်ဖြစ်ထွန်းလာသည်။ တိုးတက်ထွန်းကားလာသော နည်းပညာအမျိုးမျိုးအနက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသည် နိုင်ငံတကာနယ်ပယ်အသီးသီးတွင် ပိုမိုခရီးပေါက်လာသည်။ ယခင်က သတင်းအချက်အလက်တစ်ခုသည် ကမ္ဘာပတ်ရန် အချိန်များစွာကြာမြင့်ခဲ့ပြီး ယခုအခါ စက္ကန့်ပိုင်းအတွင်း ကမ္ဘာတစ်ပတ်သို့ ရောက်ရှိနိုင်ပြီဖြစ်သည်။

တွင်ကျယ်ခရီးရောက်လာသော ဆက်သွယ်ရေးနည်းပညာလောက၌ အလွန်ခေတ်စားသော ဆိုရှယ်မီဒီယာပေါ်ပေါက်လာသည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်ကျောင်းသား ဇူကာဘတ်နှင့်၎င်း၏သူငယ်ချင်းတို့ စတင်တီထွင်အသုံးပြုခဲ့သည့် လူမှုကွန်ရက်ဝန်ဆောင်မှုဟုခေါ်ဆိုသော ဖေ့စ်ဘွတ်၊ အီးမေးလ်တို့ကို ကမ္ဘာပေါ်ရှိပြည်သူများ နှစ်သက်အသုံးပြုလာကြသည်။ သတင်းအချက်အလက်နှင့် ရုပ်ပုံများကိုပါ အထူးမြန်ဆန် တိကျလှပစွာ လုပ်ဆောင်နိုင်သောကြောင့် အလွန်အသုံးဝင်တွင်ကျယ်လာသည်။ အဆိုပါလူမှုကွန်ရက် ဝန်ဆောင်မှုကို မိတ်ဆွေလူမှုအသိုက်အဝန်းများအကြား ရင်းနှီးခင်မင်စေလိုသော ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဇူကာဘတ်က ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

သို့သော် မျက်မှောက်ကာလတွင် အဆိုပါလူမှုကွန်ရက်ဝန်ဆောင်မှု မျက်နှာစာကိုအသုံးပြု၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် မမှန်မကန်လုပ်ဆောင်မှုများပေါ်ပေါက်လာသည်။ အသေးအမွှားကိစ္စလေးများမှအစ နိုင်ငံနှင့် ချီ၊ ကမ္ဘာနှင့်ချီ၍ လိမ်ညာလှည့်ဖြား အသုံးချမှုများအထိဖြစ်ပေါ်လာသည်။ ယခုအခါ ကမ္ဘာတစ်ဝန်း၌ လူမှုကွန်ရက်သုံးစွဲသူများ သန်းပေါင်းထောင်ချီရှိနေပြီ။ မြန်မာနိုင်ငံတွင် နိုင်ငံ၏လူဦးရေတစ်ဝက်ကျော်သည် လူမှုကွန်ရက်အမျိုးမျိုးတို့ကို သုံးစွဲနေကြသည်။ လူမှုကွန်ရက်မျက်နှာစာအသီးသီးသည် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်သလို ဆိုးကျိုးများလည်း ရောထွေးပါဝင်လာသည်။ လူမှုကွန်ရက်ကိုအသုံးချသည့် မမှန်မကန်ဆောင်ရွက်မှုများကြောင့် ပြဿနာများရှိလာပြီး ပိုမိုရှုပ်ထွေးမှုများဖြစ်လာသည်။

လတ်တလောတွင် အကြမ်းဖက်သမားများနှင့် လိမ်ညာလှည့်ဖြားသူများက လူမှုကွန်ရက်ကိုအသုံးချ၍ အမြတ်ထုတ်မှုများရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။ မကြာသေးမီကာလက ဖော်ထုတ်တွေ့ရှိချက်အရ အကြမ်းဖက် NUG လက်အောက်ခံ အွန်လိုင်းပညာရေးစာသင်ကျောင်းဖွင့်လှစ်ခဲ့သည်ကို ကြားသိကြပေ လိမ့်မည်။ နှစ်စဉ်ကျောင်းဝင်ကြေးအဖြစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀၀/၂၀၀၀/ ၃၀၀၀ ကောက်ခံခဲ့ပြီး ကျောင်းသား ကျောင်းသူ နှစ်သောင်းခန့် ကျောင်းအပ်နှံခဲ့ကြောင်းနှင့် NUG အသိအမှတ်ပြုကျောင်း ၆၂ ကျောင်းဖွင့်လှစ်ထားသည်ဟု ဆိုထားသည်။

သို့သော် မြေပြင်တွင် ကျောင်းသုံးကျောင်းသာ ဖွင့်လှစ်သင်ကြားသည့် အထောက်အထားများတွေ့ရှိရပြီး အဆိုပါ အွန်လိုင်းစာသင်ကျောင်းများ၏ ထောက်ခံချက်ဖြင့် တက္ကသိုလ်၊ ကောလိပ်ကျောင်းများသို့ ဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။ အဆိုပါအွန်လိုင်းစာသင်ကျောင်းသည် အကြမ်း ဖက်မှုကို အားပေးထောက်ခံသည့် အွန်လိုင်းစာသင်ကျောင်းများဖြစ်သည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု အထောက်အထား ခိုင်လုံစွာပြသနိုင်ခြင်းမရှိခြင်း၊ ကျောင်းအခြေပြုတည်နေရာပြသနိုင်ခြင်းမရှိခြင်းနှင့် စနစ်တကျဖွဲ့စည်းတည်ထောင်ထားခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အဆိုပါ စာသင်ကျောင်းများကို သတိပြုရမည်ဖြစ်သည်။ အချိန်ကုန်၊ ငွေကုန်မည့်အပြင် အကြမ်းဖက်အဖွဲ့က တည်ထောင်ဖွင့်လှစ်ထားသည့် အွန်လိုင်းစာသင်ကျောင်းများတွင် ကျောင်းအပ်နှံမိပါက ငွေကြေးလိမ်လည်မှုကြောင့် ဆုံးရှုံးမှုများကြုံတွေ့ရမည့်အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရနိုင်သည်။

အဆိုပါအွန်လိုင်းစာသင်ကျောင်းမှ အချက်အလက်များ ပေါက်ကြားမှုမရှိစေရန် ဖေ့စ်ဘွတ်စာမျက်နှာ၊ ဝက်ဘ်ဆိုက်နှင့် တယ်လီဂရမ်တို့မှ အာမခံချက်များပေးခဲ့သော်လည်း ယုံကြည်စွာဖြင့် ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား ကျောင်းသူ ၅၀၀ တို့၏ အမည်စာရင်းများပေါက်ကြားလာခဲ့သည်။ ထိုအမည်စာရင်းပေါက်ကြားမှုကို အကြမ်းဖက် NUG က တာဝန်ယူဖြေရှင်းပေးခြင်းမရှိဘဲ ၎င်းတို့သင်ကြားရေးနှင့် ကျောင်းသားလက်ခံရေးရုံးအဖွဲ့မှ ငွေကြေးလိမ်လည်သူငါးဦးကို ဖော်ထုတ်ရရှိခဲ့ပြီး အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် ပတ်ဝန်းကျင်အား မလွန်ဆန်နိုင်၍ဖြစ်စေ၊ မသိနားမလည်၍ဖြစ်စေ၊ ရည်ရွယ်ချက်ရှိ၍ဖြစ်စေ အကြမ်းဖက်အဖွဲ့က လိမ်ညာလှည့်စားထားသော အွန်လိုင်းစာသင်ကျောင်းများတွင် ကျောင်းအပ်နှံပါက မိမိတို့ ငွေကြေးများဆုံးရှုံးမည့်အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပါ အရေးယူ ခံရနိုင်သဖြင့် အစိုးရကျောင်းများနှင့် အစိုးရအသိအမှတ်ပြုကျောင်းများတွင်သာ ကျောင်းအပ်နှံကြပါရန် သတိပေးနှိုးဆော်အပ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment