Saturday, March 4, 2023

မြန်မာ့တိုင်းရင်းဆေးပညာသည် ခေတ်အဆက်ဆက်မှ ယနေ့ခေတ်တိုင်အောင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ရပ်တည်ခဲ့သည့် ဆေးပညာရပ် တစ်ရပ်ဖြစ်

 


နေပြည်တော် မတ် ၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြို့တွင် ယမန်နေ့နံနက်ပိုင်းကကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံနှင့် ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားတွင် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ ဆီမီး ဖယောင်းတိုင်မီးထွန်းညှိ၍ စတင်ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယနိုင်ငံ အာယုဗေဒဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့တိုင်းရင်း ဆေးပညာသည် ခေတ်အဆက်ဆက်မှ ယနေ့ခေတ်တိုင်အောင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ရပ်တည်ခဲ့သည့် ဆေးပညာရပ်တစ်ရပ်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း၌လည်း မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ တိုင်းရင်းဆေးဝါးများကို အသုံးပြု၍ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းဆေးပညာရပ် ဖွံ့ဖြိုးတိုးတက် ရန်အတွက် မန္တလေးတွင် တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်၍ တိုင်းရင်းဆေး သမားတော်များ နှစ်စဉ် မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ညီလာခံတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ တိုင်းရင်းဆေးနယ်ပယ်မှ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား တိုင်းရင်းဆေးနှင့်ပတ်သက်၍ ဘက်စုံကဏ္ဍစုံမှ စဉ်းစားသုံးသပ်မှုများ လုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ တိုင်းရင်းဆေးကဏ္ဍစီးပွားဆက်ဆံမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ တိုင်းရင်းဆေးသုတေသနများ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး၊ တိုင်းရင်းဆေးများ၏ အရည်အသွေး၊ လုံခြုံစိတ်ချရမှုနှင့် အစွမ်းထက်မှုများ မြှင့်တင်နိုင်ရေးတို့ကို ဆွေးနွေး ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော ညီလာခံနှင့် ပြပွဲသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအကြား တိုင်းရင်းဆေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်နားလည် ယုံကြည်မှုဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ အာယုဗေဒ၊ ဆိပ်ကမ်းနှင့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး H.E .Shri Sarbanada Sonowal က အဖွင့်မိန့်ခွန်းပြောကြားသည်။

လှည့်လည်ကြည့်ရှု

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များသည်ဖွင့်ပွဲ အခမ်းအနားတွင်ပြသထားသည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပြခန်းငယ်များကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။

တက်ရောက်

မွန်းလွဲပိုင်းတွင် တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများသို့ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် တက်ရောက်၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ညီလာခံနှင့် ပြပွဲသို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ ရှစ်နိုင်ငံ၊ လေ့လာသူနိုင်ငံ သုံးနိုင်ငံနှင့် မိတ်ဖက်နိုင်ငံ ၁၃နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေး ပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment