Tuesday, March 7, 2023

(၄၃) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်

 


နေပြည်တော် မတ် ၆

(၄၃) ကြိမ်မြောက် အာဆီယံစီးပွား ရေးပေါင်းစည်းမှုဆိုင်ရာအဆင့် မြင့်လုပ်ငန်းအဖွဲ့ (43rd Meeting of the High-level Task Force on ASEAN Economic Integrat-ion - HLTF-EI) အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘေလီတန်ကျွန်း၌ မတ် ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက်ရေးဆွဲမှု တွင် အာဆီယံစီးပွားရေးအသိုက် အဝန်းအနေဖြင့်ထည့်သွင်းလိုသည့် ကိစ္စရပ်များနှင့် အင်ဒိုနီးရှား နိုင်ငံအာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလ ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်များကို မှတ်တမ်းတင်ကြပြီးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံဒေသဖြစ်လာစေရေးအတွက် ပတ်ဝန်းကျင်ကိုထိခိုက်မှု လျော့နည်းစေသည့် စီးပွားရေးမူဘောင် အကောင်အထည်ဖော်မှု၊ ကာဗွန်လျှော့ချရေးဆိုင်ရာ အာဆီယံဗျူဟာရေးဆွဲမှု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှုမြှင့်တင်ရေးနှင့် အာဆီယံ အဏ္ဏဝါစီးပွားရေး မူဘောင်ရေးဆွဲ မှုများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။

အစည်းအဝေးကာလအတွင်း ကောင်းမွန်သောလုပ်ထုံးလုပ်နည်းဆိုင်ရာ အာဆီယံလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြပြီး စတုတ္ထစက်မှုအသွင်ကူးပြောင်းမှုဆိုင်ရာ အာဆီယံမဟာဗျူဟာကို အကောင်အထည်ဖော်မှု၊ အာဆီယံဒစ်ဂျစ်တယ် စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ ဘမ်ဒါဆီရီဘီဂါဝမ်လမ်းပြမြေပုံ အကောင်အထည်ဖော်မှုနှင့် အာဆီယံဘက်စုံ ပြန်လည် ထူထောင်ရေးမူဘောင် အကောင်အထည်ဖော်မှု၊ အာဆီယံစီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်အောက် ၌ အာဆီယံတီထွင် ဆန်းသစ်သော စီးပွားရေးဆိုင်ရာလုပ်ငန်း အဖွဲ့တည်ထောင်ခြင်းနှင့်စပ်လျဉ်းသည့် အဆိုပြုချက်တို့အပေါ်မှတ်တမ်းတင်ကြကာ မတ်လတွင်ကျင်းပမည့်အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တင်ပြမည့် အကြံပြုချက်များအပေါ် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက်တွင် အဖွဲ့ဝင်နိုင်ငံများအကြား လူမှု-စီးပွား ဖွံ့ဖြိုးမှု ကွာဟချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးမှုသည်ဒေသတွင်း စီးပွားရေးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးမြှင့်ထုတ်လုပ်မှု ကွင်းဆက်များတွင် ချိတ်ဆက်ပါဝင်ရန် အလွန်အရေးပါကြောင်း၊ အဆိုပါ နည်းပညာဖွံ့ဖြိုးမှုနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပျံ့နှံ့စွာ အသုံးပြုနိုင်မှုသည် ဒစ်ဂျစ်တယ် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးကြီးကြောင်း၊ အဖွဲ့ဝင် နိုင်ငံများအကြား ဒစ်ဂျစ်တယ်အဆောက်အအုံနှင့် နည်းပညာကွာခြားချက်ရှိသည်ကို အသိအမှတ်ပြု၍ စွမ်းဆောင်ရည်နှင့် လုပ်ကိုင်နိုင်စွမ်းရှိသည့် လူသားအရင်းမြစ် ပြုစုပျိုးထောင်ရေးသည် များစွာအရေးကြီးကြောင်း၊ နည်းပညာ အသုံးချနိုင်မှုသည် ထုတ်လုပ်နိုင်စွမ်း တိုးတက်ရန် များစွာအရေးပါသော်လည်း အရင်းအနှီးသုံးနိုင်သည့် နည်းပညာများသည် ဒေသတွင်းအလုပ် လက်မဲ့ကို ပိုမိုများပြားလာစေ နိုင်ကြောင်း၊ ဘက်ညီမျှစွာ ဆောင်ရွက်မှုနှင့်အတူ တီထွင် ဆန်းသစ်မှုနှင့်အလုပ်အကိုင်ဖန်တီးမှုများ ထပ်မံလိုအပ်မည်ဖြစ်ကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်အောက်၌အာဆီယံ တီထွင်ဆန်းသစ်သော စီးပွားရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ တည်ထောင်ခြင်းနှင့် စပ်လျဉ်း သည့် အဆိုပြုချက်ကို ကြိုဆိုပါ ကြောင်း။

ဒေသတွင်းလျှပ်စစ်မော်တော်ယာဉ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုအတွက် အာဆီယံလျှပ်စစ်မော်တော်ယာဉ် ဆိုင်ရာစီးပွားရေးစနစ် ပူးပေါင်းဆောင်ရွက်မှု ကြေညာချက် ထုတ်ပြန်ရန် ဆောင်ရွက်နေခြင်း ကို ကြိုဆိုပါကြောင်း၊ မိမိတို့နိုင်ငံ တွင်လည်း စွမ်းအင်အသွင် ကူးပြောင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ အတွက် လျှပ်စစ်မော်တော်ယာဉ်မူဝါဒချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် စီးပွားရေးမူဘောင်ရေးဆွဲရာတွင် ကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် စွမ်းအင်အသွင်ကူးပြောင်းမှုနှင့် ကာဗွန်လျှော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များအကြား ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် အင်ဒို နီးရှားနိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန အပြည် ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဒုတိယဝန်ကြီး H.E Edi Prio Pambudi က အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြ သည်။

အာဆီယံစီးပွားရေးပေါင်းစည်း မှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့သည် အာဆီယံစီးပွားရေး အသိုက်အဝန်း၏ အကြံပေးအဖွဲ့ဖြစ်ပြီး အာဆီယံနိုင်ငံများက ဒုတိယဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ် သည်။

ဒုတိယဝန်ကြီးသည် မတ် ၁ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံအဏ္ဏဝါစီးပွားရေး မူဘောင်နှင့် စပ်လျဉ်းသည့် သက်ဆိုင်သူ များနှင့် ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment