Tuesday, March 7, 2023

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ Professional and Advanced Excel သင်တန်း အမှတ်စဉ်(၁/၂၀၂၃) နှင့် စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ

 


နေပြည်တော် မတ် ၆

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ Professional and Advanced Excel သင်တန်း အမှတ်စဉ် (၁/၂၀၂၃)နှင့် စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် လူမှု ဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းများကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ အလုပ်သမားဝန်ကြီးဌာန၌ရှိသည့် ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာပညာရပ်ကို စနစ်တကျသိရှိနားလည်စေရန်၊ Excel ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ပြီး ရုံးလုပ်ငန်းစာရင်း ဇယားများအား အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ ဆောင်ရွက်တတ်စေရန်နှင့် လူမှုဖူလုံရေးအဖွဲ့သို့ ဝင်ရောက်ကြသည့် ဝန်ထမ်းသစ်များအနေဖြင့် မသိမဖြစ်သိရမည့် ဌာန၏မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ လက်ရှိကျင့်သုံးဆောင်ရွက်နေသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည် တတ်ကျွမ်းကြစေရန်ဖြစ်ပါကြောင်း။

ဝန်ထမ်းသစ်များအနေဖြင့် နိုင်ငံတော်က ခန့်အပ်ထားသည့် တရားဝင် နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာသည့်အတွက် ဝန်ထမ်းများသိသင့်သိအပ်သော နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း။

သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီလိုက်နာပြီး မိမိတို့အတွက်အကျိုးရှိအောင်ရသလောက် ကြိုးစားသင်ယူသွားရန်၊ ဌာနမှအားကိုး အားထားပြုထိုက်သည့် နိုင်ငံ့ဝန်ထမ်းကောင်း များဖြစ်အောင် အစဉ်ကြိုးစားအားထုတ်လုပ်ကိုင်ကြရန်နှင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားသည်။

Professional and Advanced Excel သင်တန်း အမှတ်စဉ် (၁/၂၀၂၃) တွင် ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်အဖွဲ့ရုံးတို့မှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း ၄၀ ဖြင့် သင်တန်းကာလခြောက်ရက်ကြာနှင့် စာရေးဝန်ထမ်းများလုပ်ငန်းခွင် အကြို သင်တန်းအမှတ်စဉ် (၁/၂၀၂၃)တွင် လူမှုဖူလုံရေးအဖွဲ့သို့ အသစ်ဝင်ရောက်လာသည့် အငယ်တန်းစာရေးဝန်ထမ်း ၆၃ ဦးတို့ဖြင့် သင်တန်းကာလ ၁၀ ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment