Wednesday, March 29, 2023

စားနပ်ရိက္ခာဖူလုံရေးသာမက ပြည်သူတစ်ဦးချင်း၏ ဝင်ငွေနှင့်ဒေသ၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး မြှင့်တင်နိုင်ရေးအတွက် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်

 


နေပြည်တော် မတ် ၂၈

စိုက်ပျိုးရေးမွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဒေသအလိုက်ဖွံ့ဖြိုးလာရေးအတွက် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးသာမက ပြည်သူတစ်ဦးချင်း၏ ဝင်ငွေနှင့်ဒေသ၏အသားတင် ထုတ်လုပ်မှုတန်ဖိုး မြှင့်တင်နိုင်ရေးအတွက် အဆင့်ဆင့်သော လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပုဂ္ဂလိကများ၊ တောင်သူများ၏ လိုအပ်ချက် များကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း မတ် ၂၅ ရက်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ မအူပင်ခရိုင်များမှ လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဒေါက်တာအောင်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များသည် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဇင်ဘောင်ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် တာဝန်ခံများနှင့် လည်းကောင်း၊ ကျိုက်လတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ လူမှုရေး အသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ တောင်သူများနှင့် လည်းကောင်း၊ မအူပင်ခရိုင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး မွေးမြူရေး ကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများက ဘဏ္ဍာနှစ်အလိုက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊ သီးနှံအလိုက်လျာထားအထွက် ပြည့်မီရေးဌာနနှင့် တောင်သူတို့ ပူးပေါင်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးကတောင်သူများအကျိုးရှိစေမည့် သီးနှံပုံစံလုပ်ကိုင်နိုင်ရေး၊ တစ်ဧကချင်း၏ သီးနှံထုတ်လုပ် နိုင်မှုစွမ်းအားတိုးမြှင့်ရေး၊ ပထဝီ မြေမျက်နှာသွင်ပြင် အခြေအနေပေးမှုကိုအသုံးချ၍ စိုက်ပျိုးရေးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအားပေးဆောင်ရွက်ပြီး ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဖော်ဆောင်ပေးရေး၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းပါဝင်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်း များအဖြစ် ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြား သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူများ၏တင်ပြချက်များအားဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

No comments:

Post a Comment