သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ယခုအခါ ကမ္ဘာတစ်ဝန်းလုံး၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာသူကမ္ဘာသားအားလုံး ရင်ဆိုင်တွေ့ကြုံခံစားနေကြရသည်။ မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ် ထိခိုက်ပျက်စီးမှု၊ ရေအရင်းအမြစ်ဆုံးရှုံး မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်၊ ပျက်စီးဆုံးရှုံး မှုများ၊ လူ့အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုဖြစ်စဉ်များ ကြုံတွေ့ခဲ့ရသည်။ သို့ဖြစ်၍ အနာဂတ်အတွက်ထိခိုက်ပျက်စီးမှု၊ သေဆုံးမှုနည်းပါးအောင် အားလုံးဝိုင်းဝန်းကာကွယ် ထိန်းသိမ်းဆောင်ရွက်ထားရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင်အမျိုးသား
သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်း ထားပြီး စတင်ဖွဲ့စည်းဆောင်ရွက်ချိန်မှစ၍
လက်ရှိအချိန်အထိဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသအာဏာ
ပိုင်အစိုးရအဖွဲ့များနှင့် ပြည်သူများကကဏ္ဍအလိုက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ကို
တွေ့ရသည်။
ဖြတ်သန်းစီးဆင်း
ပြင်ဦးလွင်မြို့၌
ဖြတ်သန်းစီးဆင်းနေသော ဂဲလောင်းချောင်းသည် ပြင်ဦးလွင်မြို့၏ အသက် သွေးကြောဟုဆိုနိုင်သည့်
ရေနုတ်မြောင်းမကြီး ဖြစ်သည့်အပြင် ရေချိုသယံဇာတ အရင်းအမြစ် တစ်ခုလည်းဖြစ်သည်။ ဂဲလောင်းချောင်းသည်
ကန်တော်လေးကန်၏ ရေပိုလွှဲမှအစပြု၍ မြို့အတွင်း ပတ်ခွေစီးဆင်းလျက်ရှိသည့် ချောင်းတစ်ခုဖြစ်ပြီး
ပွဲကောက်ရေတံခွန်အထိ စီးဆင်းသည်။ ထိုမှတစ်ဆင့် ပိတ်ချင်းမြောင်သို့ ဆက်လက်စီးဝင်ပြီး
စိုက်ပျိုးမြေများ၊ သစ်တောမြေများကို ဖြတ်သန်းစီးဆင်းကာ ဒုဋ္ဌဝတီမြစ်အတွင်းသို့ ဆက်လက်စီးဝင်သွားသည့်
ချောင်းတစ်ခုဖြစ်သည်။ ဂဲလောင်းချောင်း၏အရှည်မှာ မြို့ပေါ်ဧရိယာ ၁၃၂၂၅ ပေ (နှစ်မိုင်
ခွဲခန့်) နှင့် မြို့ပေါ်ဧရိယာပြင်ပ ငါးမိုင်ခန့်ရှိပြီး စုစုပေါင်း ခုနစ်မိုင်ခွဲခန့်
ရှည်လျားသည့်ချောင်း တစ်ခုဖြစ်သည်။
ထိုသို့ ပြင်ဦးလွင်မြို့၏
အသက်သွေးကြော ဖြစ်သည့် ဂဲလောင်းချောင်းအတွင်းသို့ ပြင်ဦးလွင် မြို့ပေါ် ရပ်ကွက်အသီးသီး၏
ရေမြောင်းများမှ ဂဲလောင်းချောင်းအတွင်းသို့ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်း၊ မိလ္လာရေဆိုးပိုက်များ
စွန့်ထုတ်ခြင်းနှင့် ဂဲလောင်းချောင်းမြေဧရိယာကို ခွင့်ပြုချက်မရှိဘဲ ကျော်လွန်ဆောင်ရွက်ထားသည့်
အဆောက်အအုံများကြောင့် ချောင်းဧရိယာမှာ ကျဉ်းမြောင်း လာခဲ့ရ သည်။
ရေကြီးရေလျှံမှုများဖြစ်ပေါ်
ထိုသို့ တစ်စထက်တစ်စမဆင်မခြင်
ဆောင်ရွက်မှုများကြောင့် ဂဲလောင်းချောင်းမှာ တိမ်ကောလာပြီး ရေစီးရေလာများ ပိတ်ဆို့ကာရေအရင်းအမြစ်များ
ညစ်ညမ်းလာခဲ့သဖြင့် မိုးတွင်း ကာလများ၌ ပြင်ဦးလွင်မြေအနိမ့်ပိုင်းရပ်ကွက်များတွင် နှစ်စဉ်ရေကြီးရေလျှံမှုများ
ဖြစ်ပေါ် ခဲ့ရသည်။ အဆိုးရွားဆုံးအနေဖြင့် ၂၀၀၃ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင်
တစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်တွင်တစ်ကြိမ် စံချိန်တင်မိုးရွာ သွန်းမှုများကြောင့်
ပြင်ဦးလွင်မြို့ကို ဖြတ်သန်းစီးဆင်းနေသည့် ဂဲလောင်းချောင်းရေကြီးရေလျှံဖြစ်ခဲ့ပြီး
ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်ကြီး ၂၁ ခု အနက် ရပ်ကွက်ကိုးခုတွင် ရေလွှမ်းမိုးခဲ့သည်။
ထိုသို့ ရေလွှမ်းမိုးမှုကြောင့် အိမ်ထောင်စု ၁၁၈၇ စု ရေ လွှမ်းမိုးခံခဲ့ရပြီး ၄၂၂ ဦး
ရေကြီးမှုကြောင့် ပြောင်းရွှေ့ ခဲ့ရသည်။
သဘာဝဘေးအန္တရာယ်
ဖြစ်ပေါ်လာနိုင်သော အကြောင်းရင်းများစွာရှိသည့်အနက် သဘာဝအလျောက်ဖြစ်ပေါ်ခြင်းများအပြင်
အထက်တွင်ဖော်ပြခဲ့သည့် စည်းကမ်းမဲ့ဆောင်ရွက်မှုများကြောင့် ရေရှည်တွင်ဂေဟစနစ်များပျက်ယွင်းလာပြီး
ရေအရင်းအမြစ်များဆုံးရှုံးကာ မမျှော်မှန်းနိုင်သောဖြစ်စဉ်များ ဖြစ်ပေါ်ထိခိုက်ခဲ့ရခြင်း
ဖြစ်သည်။
ယင်းဖြစ်စဉ်များကို
ပြန်လည်ကုစားနိုင်ရေးအတွက် ဂဲလောင်းချောင်းစီးဆင်းရာလမ်း တစ်လျှောက် ချောင်းမြေဧရိယာအမှန်
ပြန်လည်ရရှိစေရေး၊ ချောင်းမြေပေါ်တွင်တရားမဝင် အဆောက်အအုံများ မရှိစေရေးနှင့်ဂဲလောင်းချောင်း
ရေရှည်တည်တံ့စေရေး ဘက်စုံစီမံချက်ကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များပါဝင်သော
ပူးပေါင်းအဖွဲ့များက စနစ်တကျစီမံ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ ဂဲလောင်းချောင်းတစ်လျှောက်
သာယာလှပစေခြင်းဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးစေရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်
ခရီးသွားလုပ်ငန်းများကို အထောက်အကူပြုရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်နေထိုင်နိုင်ရေးအတွက်
ချောင်း၏ ဂေဟစနစ် ရေရှည်တည်တံ့စေရေး ရည်ရွယ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ဂဲလောင်းချောင်းနှင့်
ဆက်စပ်ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရာတွင် ဂဲလောင်းချောင်း စီးဆင်းရာ
လမ်းတစ်လျှောက် ချောင်းမြေဧရိယာ အမှန် ပြန်လည်ရရှိရေးဆောင်ရွက်ရန်မှာ အဓိကကျသည့် လုပ်ငန်းစဉ်ဖြစ်သောကြောင့်
ဂဲလောင်းချောင်း ကျူးကျော်မှုများနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းတိုင်းတာ စာရင်းပြုစုကောက်ယူရေးအဖွဲ့ကို
ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့၏ ကွင်းဆင်းစစ်ဆေးချက်များအရ ဂဲလောင်းချောင်းနှင့် ဂဲလောင်းချောင်းအတွင်း
စီးဝင်သော မြောင်းလက်တက် ဧရိယာများအတွင်း ခွင့်ပြုချက်မရှိ ကျော်လွန်ဆောင်ရွက်ထားသည့်
အဆောက်အအုံ ၁၈၀ ခန့်ရှိကြောင်း တွေ့ရှိခဲ့ရသည်။
လက်ရှိတွင် ပြည်သူများ၏
ပူးပေါင်းပါဝင်မှုများ ကြောင့် အဆောက်အအုံ ၁၄၀ ခန့် ရှင်းလင်း ဆောင်ရွက်နိုင်ခဲ့ကာ
ဂဲလောင်းချောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ရေအရင်းအမြစ် ကောင်းမွန်စေရေး
မြောင်းနံရံများ ပြုပြင်ဆောင်ရွက် နိုင်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်
တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ရရှိစေရေး အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ပြီး
ပြည်သူများ၏ တင်ပြချက်များနှင့်အညီ အခက်အခဲရှိသူများကို အဆင်ပြေအောင်ပေါင်းစပ်ကူညီ
ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင်ချောင်းဧရိယာမြေပေါ်၌ ခွင့်ပြုချက်ထက်ကျော်လွန်
ဆောက်လုပ်ထားသော အဆောက်အအုံများ၊ တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံများကိုလည်း ဥပဒေနှင့်အညီ
ဖယ်ရှားရှင်းလင်းခဲ့ရသည်။
ဂဲလောင်းချောင်း
ရေအရည်အသွေးကောင်းမွန် ရေးနှင့်ချောင်းဂေဟစနစ် ရေရှည်တည်တံ့ စေရေးအတွက် နုန်းအမှိုက်သရိုက်များ
ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများကိုလည်း တာဝန်ရှိသူများပူးပေါင်း၍ အပတ်စဉ်စုပေါင်းဆောင်ရွက်ခြင်း၊
ဂဲလောင်းချောင်းအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊
ဂဲလောင်း ချောင်းတစ်လျှောက် ချောင်းမြေဧရိယာအတွင်း ခွင့်ပြုချက်မရှိ ကျော်လွန်ဆောင်ရွက်ထားသည့်
အဆောက်အအုံများကို ဥပဒေနှင့်အညီရှင်းလင်း ဆောင်ရွက်ခြင်းနှင့် ဂဲလောင်းချောင်းရေစီးရေလာ
ကောင်းမွန်ရေးရေစစ်ကန်များ ဆက်လက် ဆောက်လုပ်နိုင်ရေးများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။
ပူးပေါင်းဆောင်ရွက်
ဂဲလောင်းချောင်းရေစီးရေလာ ကောင်းမွန်ရေးနှင့် ဂေဟစနစ်ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံလူထု၏ပူးပေါင်းဆောင်ရွက်မှုကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊
ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ဘက်စုံ စောင့်ကြပ်ကြည့်ရှုခြင်းများဖြင့် သန့်ရှင်းကောင်းမွန်သော
ရေချိုအရင်းအမြစ်တစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်စေမည်ဖြစ်သည်။
ဂဲလောင်းချောင်း
သန့်ရှင်းသာယာလှပရေးအတွက် ဂဲလောင်းချောင်းအတွင်းသို့ ရေဝင်ရောက် သည့် မြောင်းများ၊
ရေဝင်ပေါက်များကို အမှိုက်စစ်ဆန်ခါများတပ်ဆင်၍ နုန်းနှင့်အမှိုက်များ သန့်စင်ဖယ်ရှားခြင်း၊
ချောင်းနယ်နိမိတ်ကျဉ်းမြောင်းမှုမရှိ စေရေးနှင့် အခြားမြေအသုံးချမှုများကို ထိန်းသိမ်းကန့်သတ်ခြင်းဖြင့်
မြို့သန့်ရှင်းသာယာလှပရေးကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပြီး သန့်ရှင်းသာယာလှပရေးကို
ထိခိုက်စေမည့် မည်သည့် စီမံကိန်းကိုမဆို ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ကြောင်းသိရသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး
ဌာနအနေဖြင့် ဂဲလောင်းချောင်း ရေလမ်းကြောင်း တိုးချဲ့တူးဖော်ခြင်းလုပ်ငန်းများအတွက်
နှစ် ၁၀၀ ဖြစ်တန်စွမ်း (100 Year Returned Period) ရေကြီးရေလျှံမှုကိုကာကွယ်နိုင်သော
ဒီဇိုင်းပုံစံဖြင့် ခွင့်ပြုဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီးလုပ်ငန်းဆုံးမှတ် ပေ ၂၂၆၀၀
အထိ ဆောင်ရွက်သွားရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့
ဂဲလောင်းချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေပိုလွှဲ အထွက်မြောင်း (ထီးလှိုင်တံတားထိ)
ရေပြေးဧရိယာ အကျယ် ၁၂၀ စတုရန်းပေရရှိရေးနှင့် စီးဆင်းရေအားလုံးကောင်းမွန်စွာ စီးဆင်းနိုင်ရေးအတွက်
လုပ်ငန်းများကိုဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး
ဂဲလောင်းချောင်း ( ဂန္ဓမာမြိုင်အဝိုင်း ထီးလှိုင်တံတား မှ စစ်မှုထမ်းဟောင်းဝန်ထမ်းအိမ်ရာ
အနီးထိ) လိုအပ်လျက်ရှိသော နေရာများတွင် (၅၀၁၅'x၁'-၆"x၅') ကျောက်ရိုးစီခြင်းလုပ်ငန်းကို
မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်း၏ ၉၅ ရာခိုင်နှုန်းဆောင်ရွက်
ပြီးစီးခဲ့ပြီ ဖြစ်သည်။
ပြင်ဦးလွင်မြို့ကို Clean City (သန့်ရှင်းသော မြို့)၊
Green City (စိမ်းလန်းသောမြို့) ဖြစ်စေရေး အတွက် အခြေခံဖြစ်သည့် ပြင်ဦးလွင်မြို့၏ အသက်
သွေးကြော ဂဲလောင်းချောင်း ရေအရည်အသွေး ကောင်းမွန်စေရေး၊ ချောင်းဂေဟစနစ် ရေရှည် တည်တံ့စေရေး၊
ရေစီးရေလာကောင်းမွန်စေရေး အပါအဝင်အမှိုက်များ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် သာယာသော
ပတ်ဝန်းကျင်ကောင်းများအဖြစ် ပုံဖော်နိုင်စေရေးတို့မှ အစပြုကာ ပြည်တွင်းပြည်ပ ခရီးသွားများကိုဆွဲဆောင်နိုင်သည့်
ခရီးသွား မြို့တော်ဖြစ်လာစေရေးအတွက် ဒေသနေပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သင့်ပါကြောင်း
ရေးသားတင်ပြလိုက်ရပါသည်။ ။


No comments:
Post a Comment