Monday, February 13, 2023

PDF အမည်ခံအကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ညောင်လေးပင်ဘူတာကြီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာရရှိ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သွားရောက်ကြည့်ရှုအားပေး


နေပြည်တော် ဖေဖော်ဝါရီ ၁၃

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၊ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများသည် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုထိခိုက်စေရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေးတို့အတွက် အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတား၊ ဘူတာရုံတို့အား အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်လုပ်ဗုံး/ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို အကြောင်းမဲ့ပြုလုပ်လျက်ရှိသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဘူတာရုံရှိ အမှတ်(၁)စင်္ကြံပလက်ဖောင်းပေါ်၌လည်း PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီးနှင့် ဘူတာရုံအတွင်းရှိ အပြစ်မဲ့ခရီးသွားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၇ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး ညောင်လေးပင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် ဒဏ်ရာရရှိသူများအနက်မှ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ယနေ့နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများက ညောင်လေးပင်ပြည်သူ့ဆေးရုံကြီး၌ သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့ပြင် ဒဏ်ရာရရှိသူများအား ပဲခူးမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်တွင် သေဆုံးခဲ့ရသူ ၃ ဦး၏ မိသားစုဝင်များကို လည်း ထောက်ပံ့ငွေများပေးအပ်ကာ အားပေးစကားများပြောကြားခဲ့သည်။

ထိုကဲ့သို့ အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့် ဘူတာရုံအား မိုင်းထောင် ဖောက်ခွဲခဲ့သူ PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားဆောင်ရွက်မှုများအား တွေ့မြင်သိရှိရပါက အကြမ်းဖက်မှုလုပ်ရပ်များအား ထိရောက်စွာကာကွယ်တားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment