Tuesday, February 14, 2023

ဒီမိုကရေစီအခိုင်အမာဖြစ်ထွန်းရေး အကြမ်းဖက်ဝါဒချုပ်ငြိမ်းရမည်

 

လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက်နိုင်ငံတစ်ဝန်းလုံးတွင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝလွှမ်းခြုံနိုင်ရန် လိုအပ်သည်။ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေတွင် ဆူပူဆန္ဒပြမှုများမရှိတော့သော်လည်း အကြမ်းဖက်သမားတို့၏ အကြမ်းဖက်သတ်ဖြတ်မှုများ၊ ဖောက်ခွဲဖျက်ဆီးမှုများ၊ ခြိမ်းခြောက်နှောင့်ယှက်မှုများရှိနေဆဲဖြစ်သည်။ အကြမ်းဖက် CRPH ၊ NUG နှင့် PDF တို့က ရွေးကောက်ပွဲမဖြစ်အောင်၊ အထမမြောက်အောင် သွေးရူးသွေးတန်းလိုက်လံဖျက်ဆီး နေရခြင်းက ၎င်းတို့အတွက် သေရေးရှင်ရေးဖြစ်နေသောကြောင့်ဖြစ်သည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မိမိတို့အနေဖြင့် ပြည်သူကရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေလျှောက်လှမ်းရမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် ပြည်သူလူထု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံအတည်ပြုထားသည့် အခြေခံဥပဒေဖြစ်ပြီး မိမိတို့ တပ်မတော်သားများလည်း မဲပေးခဲ့ကြောင်း၊ ၎င်းသည် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးရန် ခိုင်မာသည့်အာမခံချက်တစ်ခုဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း။ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ရန်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ပေးရန်တာဝန်ရှိပြီး ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ရာ အကြမ်းဖက်အဖျက်သမားတို့ မည်သို့အကြမ်းဖက်နှောင့်ယှက်ဖျက်ဆီးစေကာမူ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာရမည်သာဖြစ်သည်။

ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားရေး၊ လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုတို့ကို နှောင့်ယှက်ဖျက်ဆီးခြင်းအားဖြင့် ဒေသတွင်းအခက်အခဲ၊ အကျပ်အတည်းများဖြစ်ပေါ်လာရေး၊ ဒေသခံပြည်သူလူထုများအတွင်း အကြောက်တရားဖြင့်လွှမ်းမိုးထားနိုင်‌ရေးတို့အတွက် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုကိုလိုလားသည့် အချို့သော EAO များသည် အများပြည်သူအသုံးပြုသွားလာလျက်ရှိသော လမ်း၊ တံတား၊ ဘူတာရုံများကို ဖောက်ခွဲတိုက်ခိုက်မှုများ မဆင်မခြင်ပြုလုပ်လျက်ရှိသည်။ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ညောင်လေးပင်ဘူတာရုံ အမှတ်(၁) စင်္ကြံပေါ်တွင် မိုင်းထောင်‌ဖောက်ခွဲမှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ခဲ့ရသည်။ ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း မိမိတို့နိုင်ငံတွင် အကြမ်းဖက်မှုပေါင်း သောင်းနှင့်ချီ၍ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းများ၊ ရဟန်းသံဃာများ၊ ကလေးသူငယ်များ၊ အရပ်သားများလည်း သောင်းနှင့်ချီ၍ သေဆုံး၊ ဒဏ်ရာရခဲ့ကြသည်။ လူသတ်မှုများအပါအဝင် အကြမ်းဖက်မှုများစွာကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်အုပ်စုများစွာကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သကဲ့သို့ လက်နက်ခဲယမ်းမီးကျောက်ပမာဏများစွာကိုလည်း သိမ်းဆည်းရမိနိုင်ခဲ့သည်။ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရာတွင် ပြည်သူများက တက်ကြွစွာပူးပေါင်းပါဝင်လာကြသည့်အလျောက် အကြမ်းဖက်မှုများ အလျင်အမြန် ချုပ်ငြိမ်းသွားကြမည်သာဖြစ်သည်။

လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ ဒီမိုကရေစီစနစ် အခိုင်အမာဖြစ်ထွန်းရေးတို့အတွက် အကြမ်းဖက်အဖျက်ဝါဒချုပ်ငြိမ်းရေးတွင် ပြည်သူအားလုံးက တစ်ခဲနက်ပါဝင်ကာ နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဝိုင်းဝန်း တည်ဆောက်ကြရပါမည့်အကြောင်း။  

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

No comments:

Post a Comment