Saturday, February 25, 2023

ပြည်သူ၏ လိုလားချက်၊ ပြည်သူ့အသံနှင့် ပြည်သူကို ကိုယ်စားပြုသည့် ပါတီဖြစ်ရေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်နှစ်တာကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ယာယီသမ္မတထံသို့ အစီရင်ခံတင်ပြခဲ့ပြီး အ‌ရေးပေါ်သက်တမ်းကာလကို ခြောက်လ ထပ်မံတိုးခဲ့ရာ တွေ့ရှိရသည့်ဝေဖန်မှုများ၊ တုံ့ပြန်ချက်များနှင့် လိုအင်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ကြောင်း၊ တွေ့ရှိချက်များအရ ရွေးကောက်ပွဲပြန်လည်ဆောင်ရွက်ပေးရန်၊ တည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင်ရွက်ပေးရန်နှင့် ကုန်ဈေးနှုန်းကျဆင်းမှုရှိအောင် ဆောင်ရွက်ပေးရန်ဟူသည့် အချက်သုံးချက်သည် အဓိကဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသစ်ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် လာမည့်ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် လုပ်ဆောင်သင့်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများအရေအတွက်များပြားသော်လည်း ရွေးချယ်ခံရသည့်ပါတီနည်းပါးခဲ့ရာ ပြည်သူများ၏ယုံကြည်ကိုးစားမှုနည်းပါးခဲ့သည့် အခြေအနေကိုထင်ဟပ်နေသည်။ နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူကိုစည်းရုံးနိုင်မှုနှင့် ကိုယ်စားပြုနိုင်မှုတို့အားနည်းလျက်ရှိပြီး ပါတီငယ်များအများအပြားတည်ထောင်၍ ရွေးကောက်ပွဲဝင်ရောက်နေကြခြင်းကလည်း ဒေသနှင့်ဒေသခံပြည်သူလူထု၏လိုလားချက်ကို အကောင်အထည်ဖော်ဆောင်ပေးရန်၊ ပြည်သူလူထု၏အသံကို လွှတ်တော်တွင် ကိုယ်စားပြုပြောကြားရန် လွန်စွာအခွင့်အလမ်းနည်းပါးလျက်ရှိသည်။

သို့ဖြစ်သည့်အလျောက် အင်အားနည်းသည့်ပါတီငယ်အများအပြားဖြင့် နိုင်ငံရေးကို အကွဲကွဲအပြားပြား အကောင်အထည်ဖော်ခြင်းဖြင့် အလုပ်မဖြစ်မည့်အစား ဦးစီး ခေါင်းဆောင်မှုကောင်းမွန်သည့်ပါတီ၊ ပြည်သူလူထုအတွင်း စည်းရုံးမှုအားကောင်းသည့်ပါတီ၊ ပြည်သူကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုသည့်ပါတီများအဖြစ် လွှတ်တော်ထဲတွင် ပြည်သူ၏အသံနှင့် တိုင်းပြည်မှဖြစ်စေချင်သည်များကို ပြောခွင့်ရနိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိုပြင်ဆင်ထုတ်ပြန်၍ ထိန်းသိမ်းခဲ့သည်။ ယခုအခါ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို နိုင်ငံရေးပါတီများက လျှောက်ထားလျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိနိုင်သည်။

ပါတီများနှင့်ပတ်သက်၍ ၎င်းတို့၏လုပ်ဆောင်ချက်များကိုလည်း ဥပဒေအရ ခွင့်ပြုသင့်သည်များကို ခွင့်ပြုပေးသွားရမည်ဖြစ်ကြောင်း၊ ပါတီများဖွဲ့စည်းပြီးပါက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ယင်းတို့သည် မလွဲမသွေလုပ်ဆောင်ရမည်များဖြစ်သည်ကို ပြောလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားခဲ့ရာ ရွေးကောက်ပွဲအကြိုကာလတွင် နိုင်ငံရေးပါတီများ၏ ဥပဒေနှင့်ညီညွတ်သည့် လုပ်ဆောင်ချက်များကို တွေ့မြင်လာရမည်ဖြစ်သည်။ လက်ရှိအချိန်အခါသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်သော နိုင်ငံ တစ်ဝန်းတည်ငြိမ်အေးချမ်းရေးရရှိရန် ဆောင်ရွက်နေသည့်အချိန်ဖြစ်သည့်အားလျော်စွာ အကြမ်းဖက်မှု၊ ဆူပူသောင်းကျန်းမှုနှင့် ခြိမ်းခြောက်မှုတို့ ကင်းစင်ပပျောက်ရေးအတွက် နိုင်ငံတော်၏ဆောင်ရွက်ချက်များတွင် ပြည်သူလူထုအားဖြင့် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။  

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

No comments:

Post a Comment