Saturday, February 25, 2023

နိုင်ငံအကျိုးစီးပွားအလေးထားဆောင်ရွက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်နှစ်တာကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ယာယီသမ္မတထံသို့ အစီရင်ခံစာတင်ပြခဲ့ပြီး အရေးပေါ်သက်တမ်းကာလကို ခြောက်လထပ်မံတိုးခဲ့ရာ တွေ့ရှိရသည့် ဝေဖန်မှုများ၊ တုံ့ပြန်ချက်များနှင့် လိုအင်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) တွင် အသိပေးပြောကြားခဲ့သည်။

လေ့လာဆန်းစစ်တွေ့ရှိချက်များအရ ရွေးကောက်ပွဲပြန်လည်ဆောင်ရွက်ပေးရန်၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ပေးရန်နှင့် ကုန်ဈေးနှုန်းများကျဆင်း အောင်ဆောင်ရွက်ပေးရန်ဟူသည့် အဓိကအချက်သုံးချက်ဖြစ်သည်ကို တွေ့ရသည်။ အဆိုပါအချက်သုံးချက်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားအတွက် အရေးအကြီးဆုံး လက်ငင်းလိုအပ်ချက်များဖြစ်သည်။ နိုင်ငံတော်ကို အဘက်ဘက်တွင် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း လက်ရှိကာလတွင် ဒေသအချို့တွင် အဖျက်အမှောင့်နှောင့်ယှက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုများ လိုအပ်နေသေးသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် အချို့မြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင်ရွက်ရာတွင် ယခင်တွေ့ကြုံခဲ့သော အတွေ့အကြုံအရ ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီစနစ်ဖြစ်ထွန်းလာစေရေးအတွက် ဒီမိုကရေစီစနစ်ခိုင်မာလာအောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ သို့သော် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အမည်ခံဆောင်ရွက်ကြသူများက ဒီမိုကရေစီကိုခုတုံးလုပ်၍ မရိုးမသားလုပ်ဆောင်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများအပေါ် ဥပဒေနှင့်အညီ မှန်ကန်စွာဖြေရှင်းဆောင်ရွက်ပေးခြင်းမပြုဘဲ အကြမ်းဖက်လမ်းစဉ်ကိုအသုံးချခဲ့ခြင်းသည် တိုင်းပြည်အလုံးစုံပျက်စီးရေးကို ဦးတည်ခြင်းဖြစ်သည်။ စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာ၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမှားအယွင်းမဖြစ်စေရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိသည်။ မဲစာရင်းများမှန်ကန်မှုရှိစေရန်အတွက် အချိန်ယူကာ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ ရွေးကောက်ပွဲသည် တိုင်းပြည်၏ဂုဏ်သိက္ခာဖြစ်၍ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မျက်မှောက်ကာလတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးသည် ပြည်သူများအတွက် အရေးကြီးဆုံးအချက်ဖြစ်သည်။ နိုင်ငံတကာနှင့် ပြည်တွင်းအခြေအနေအရပ်ရပ်တို့ကြောင့် လက်ရှိကာလတွင် ကုန်စည်ဈေးနှုန်းသည် တရိပ်ရိပ်မြင့်တက်လျက်ရှိသည်။ ကုန်စည်ဈေးနှုန်းများမြင့်တက်လာရခြင်းသည် ယခင်က ထုတ်ကုန်နည်းပါးပြီး သွင်းကုန်များပြားခြင်းကြောင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်း ကုန်ပစ္စည်းရှားပါးမှု၊ ပို့ဆောင်ရေးနှင့် လုပ်သားရှားပါးမှုတို့ကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာခဲ့သည်။ ဓာတ်မြေဩဇာ၊ စက်သုံးဆီ စသည့် သွင်းအားစုများ၏ ဈေးနှုန်းများမြင့်တက်လာခြင်းနှင့် လုပ်သားရှားပါးခြင်းတို့ကြောင့် ကုန်ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိသောကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာချိန်တွင် လျှပ်စစ်ဓာတ်အားခများလည်း မြင့်တက်လာသည်မှာလည်း အကြောင်းတစ်ချက်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့သော်လည်း အခြေခံကုန်စည်ပစ္စည်းများမှာ ပြတ်လပ်မှုမရှိပေ။ မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းမွန်သည့်နိုင်ငံဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ လုံလောက်အောင်ထုတ်လုပ်နိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အဓိကမောင်းနှင်အားဖြစ်သည်။ နိုင်ငံတော်အစိုးရက နိုင်ငံ့ဝင်ငွေတိုးတက်စေရေးအတွက် ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် ဒုတိယအချက်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟု ခံယူထားသည့်အတိုင်း ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ သို့မှသာ ကုန်ဈေးနှုန်းများကျဆင်းလာမည်ဖြစ်သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲပြန်လည်ဆောင်ရွက်ပေးရန်၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ပေးရန်နှင့် ကုန်ဈေးနှုန်းများကျဆင်းအောင် ဆောင်ရွက်ပေးရန်ဟူသည့် အချက်သုံးချက်သည် နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အရေးကြီးသောအချက်များဖြစ်၍ နိုင်ငံတော်အစိုးရက အလေးထားဦးစားပေး ဆောင်ရွက်ပေးနိုင်လိမ့်မည်ဖြစ်ပါကြောင်း။           

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment