နေပြည်တော် ဖေဖော်ဝါရီ ၂၅
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ ကင်းတား ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်း၊ ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၉၃) အနီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
မြစ်သားမြို့နယ် ကင်းတား ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသို့
ရောက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့်
ကုမ္ပဏီတာဝန်ရှိသူတို့က နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ
အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဓာတ်အားစမ်းသပ် ပို့လွှတ်ခြင်းလုပ်ငန်း
ဆောင် ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ကင်းတားနေရောင်ခြည်စွမ်းအင်သုံး
လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကျီတိုင်ကျေးရွာအနီးရှိ
မြေဧရိယာ ၁၃၂ ဒသမ ၃၅ ဧကပေါ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ ၃၀ မဂ္ဂါဝပ်ဖြစ်ကာ လက်ရှိအချိန်တွင်
၁၉ မဂ္ဂါဝပ်ခန့် စမ်းသပ်ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက
ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အားလိုင်းဖြင့် ကင်းတား
ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်
ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ယခုအခါ စီမံကိန်းလုပ်ငန်း တစ်ခုလုံးအနေဖြင့် ၉၀ ဒသမ ၈ ရာခိုင်နှုန်း
ပြီးစီးနေ ပြီဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ကင်းတားဘက်စုံသုံး ရေလှောင်တမံသို့ရောက်ရှိပြီး ရှင်းလင်းဆောင်ခန်းမ၌ ဆည်မြောင်းနှင့်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာက ကင်းတားရေလှောင်တမံဆိုင်ရာ အချက်အလက်များနှင့်
ရေလှောင်တမံ၏ နှစ်စဉ်ရေသိုလှောင်ထား ရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက
ရေဝင်ရောက်နိုင်မှုနှင့် ရေပေးဝေမှုအပေါ်မူတည်၍ ဓာတ်အားပေးစက်များ မောင်းနှင်နိုင်ရေး
ကြိုတင်စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့်
တမံ၏ကြံ့ခိုင်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ကင်းတား ေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး
ဓာတ်အားပေးစက်များ မောင်းနှင်နေမှုနှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ဓာတ်အားချိတ်ဆက်
ပို့လွှတ်ပေး နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကင်းတားရေအားလျှပ်စစ်
ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပန်းလောင်မြစ်ပေါ်တွင်တည်ရှိပြီး
ရေလှောင်တမံအမျိုးအစားမှာ ကျောက်ဖြည့်တမံဖြစ်ကာ စက်တပ်ဆင်အင်အားမှာ ၂၈ မဂ္ဂါဝပ်ရှိ
ဓာတ်အားပေးစက် နှစ်လုံးဖြင့် စုစုပေါင်း ၅၆ မဂ္ဂါဝပ်ထွက်ရှိကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ
၁၆၅ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ်အားများအား ၁၃၂ ကေဗွီ ကင်းတား-သာစည်
ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အား လိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့
ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၉၃) အနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်
ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲ
ရုံ စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး လိုအပ်သည်များမှာကြားကာ စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်နေသော ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများ ရောက်ရှိနေရာချထားမှု၊ Hybrid Gas
Insulated Switchgear (HGIS) စတင်တပ်ဆင်နေမှု အခြေအနေများ၊ Shunt Reactor တပ်ဆင်နေမှုနှင့်
ဓာတ်အားထိန်းချုပ်ခန်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယခု ဆောင်ရွက်လျက်ရှိသည့်
၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက်
ရှိသည့် ၅၀၀ ကေဗွီအေ ဓာတ်အားခွဲရုံစီမံကိန်းဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၃
ဒသမ ၁၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment