ဥပမာအားဖြင့် အတွင်းစိတ်စေ့ဆော်ခြင်းတွေ အားနည်းလာတယ်လို့ သုံးသပ်ယူဆပါက အပြင် စိတ်စေ့ဆော်ခြင်းကို ပိုမိုအားထည့်ဆောင်ရွက်ပေး ခြင်းနည်းလမ်းနဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် ပျော်ရွှင်မှုဖြစ်တည်လာရေး၊ ဝန်ထမ်းတွေ စိတ်ဓာတ် တက်ကြွစွာ လုပ်ငန်းဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ပျော်ရွှင်နေတဲ့ လုပ်ငန်းခွင်၊ မိမိကိုတန်ဖိုးထားတဲ့ဌာန၊ တရား မျှတမှုရှိတဲ့ အုပ်ချုပ်ရေးနယ်ပယ်မှာ ရှိနေသူ၊ တာဝန်ထမ်းဆောင်နေသူတစ်ဦးအတွက် လုပ်ငန်း ခွင်ကနေထွက်ခွာ၊ နုတ်ထွက်ရေးမှာ မဖြစ်နိုင်လွန်းတဲ့ ကိုယ်ရေးကိုယ်တာအခက်အခဲအခြေအနေ အကျပ်အတည်းဖြစ်ပေါ်လာမှသာ ထွက်ခွာကြမှာ ဖြစ်ပြီး ပုံမှန်အားဖြင့် လွယ်လင့်တကူဆုံးဖြတ်၊ နုတ်ထွက်ဖို့မဖြစ်နိုင်လှပါ။ အကြောင်းက ဝန်ထမ်းတွေဟာ မိမိကိုတန်ဖိုးထားတဲ့ဌာနကို ချစ်ခင် မြတ်နိုးသလို မိမိအလုပ်ကိုလည်း ချစ်ခင်မြတ်နိုး ပျော်ရွှင်နေကြလို့ဖြစ်ပါတယ်။
မိမိဝန်ထမ်းတွေကို တန်ဖိုးထားအုပ်ချုပ်ရင် ဌာနအတွင်းဖြစ်ပေါ်နေတဲ့ ပြဿနာရဲ့ သုံးပုံနှစ်ပုံခန့် ပျောက်ကွယ်နိုင်တယ်လို့ ယုံကြည်ပါတယ်။
ကုမ္ပဏီဝန်ထမ်းအချင်းချင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းအချင်းချင်း ပြောကြားချက်ကို ဂရုစိုက် နားထောင်ကြည့်မယ်ဆိုပါက ကုမ္ပဏီအတွင်း၊ ဌာနအတွင်း တရားမျှတမှုမရှိတဲ့အကြောင်းတွေ၊ တန်ဖိုးထားမခံရမှုတွေကို အဓိကပြောကြားလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ တရားမျှတစွာ အုပ်ချုပ်စီမံခန့်ခွဲမှုမရှိတဲ့ဌာနမှာ အထက်အောက် ဝန်ထမ်းတွေအကြား လေးစားယုံကြည်မှုလည်း လျော့နည်းနေမယ်ဆိုတာ ယုံမှားဖွယ်မရှိပါ။
ဒီနေရာမှာ တရားမျှတမှုရှိတဲ့ လုပ်ငန်းခွင် ဖြစ်ပေါ်လာရေးနဲ့ ဝန်ထမ်းတွေ ပျော်ရွှင်တက်ကြွစွာ တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းခွင်ဖြစ်ပေါ်လာရေး အုပ်ချုပ်သူ၊ စီမံခန့်ခွဲသူ၊ တာဝန်ရှိသူလူကြီးရဲ့ အမြော်အမြင်ကြီးမှု၊ အုပ်ချုပ်စီမံခန့်ခွဲမှုအပိုင်း ကျွမ်းကျင်မှု၊ သမာသမတ်ရှိမှု၊ ဘက်မလိုက်မှု၊ ခွဲခြားဆက်ဆံခြင်းမရှိမှု၊ ပုဂ္ဂိုလ်ရေးအငြိုးထား အမုန်းမပွားမှု၊ ပညာဉာဏ်ကြီးမြတ်မှု၊ စိတ်နေ စိတ်ထားမြင့်မြတ်မှု စတဲ့အရည်အချင်းကောင်း များစွာ လိုအပ်တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။
အုပ်ချုပ်သူ၊ စီမံခန့်ခွဲသူလူကြီးရဲ့ တရားမျှတမှု မရှိခြင်းတွေ၊ မိမိဝန်ထမ်းသာ ပထမဆိုတဲ့ထုံး နှလုံးမမူ တန်ဖိုးမထားမှုတွေကြောင့် ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ချင်စိတ် လျော့နည်းပျက်ယွင်းသွားပြီး အပြန်အလှန် လေးစားမှုစိတ်ဓာတ်တွေလည်း ပျက်ပြားစေတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မိမိကိုယ်မိမိယုံကြည်မှု၊ တာဝန်ရှိသူတွေအပေါ် ယုံကြည်မှု၊ ဌာနအပေါ် ယုံကြည်မှုတွေလည်း ပျက်ပြားလာပြီး ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာ အားနည်းမှု တွေရှိလာမှာ ဖြစ်ပါတယ်။
ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းပါမယ်
အထက်အောက်ဝန်ထမ်းအချင်းချင်း အပြန်အလှန် လူ့ဂုဏ်သိက္ခာလေးစားမှုရှိစွာ ပြောဆို ဆက်ဆံကြတာ၊ မှန်ကန်မျှတစွာအုပ်ချုပ်တာတွေ ရှိမယ်ဆိုရင်လည်း စိတ်ပျော်ရွှင်ချမ်းသာမှုရှိတဲ့ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေ ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ကြမှာဖြစ်လို့ နိုင်ငံတော်အတွက် အမှန်ပဲ တန်ဖိုးရှိတဲ့ ပြည်သူ့အရေး ဆောင်ရွက် နေကြတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို နိုင်ငံတော်က မလွဲမသွေရရှိလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းပါမယ်။ ဝန်ထမ်း ကောင်းတွေ မွေးထုတ်ဖို့ ဝန်ထမ်းတွေကို အုပ်ချုပ် နေသူတွေမှာ များစွာတာဝန်ရှိပါတယ်။
နိုင်ငံတော်အစိုးရရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ နိုင်ငံတော်ရဲ့မူဝါဒ၊ လမ်းညွှန်ချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပြည်သူအများနဲ့ အနီးကပ်ထိတွေ့ ဆက်ဆံဝန်ဆောင်မှုပေးရတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို ချစ်ခင်လေးစားတန်ဖိုးထားပြီး မိမိဝန်ထမ်းတွေသာ ပထမဆိုတဲ့ထုံး နှလုံးမူကာဖြင့် ခွဲခြားဆက်ဆံမှုကင်းစွာ၊ မှန်ကန်မျှတစွာ အုပ်ချုပ်ကြမယ်ဆိုရင် ဝန်ထမ်းတွေကို တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ကျေမှုတွေရှိဖို့ အထူးမှာကြားစရာမလို၊ အလိုလိုတာဝန်သိ တာဝန်ကျေတဲ့ ဝန်ထမ်းတွေ၊ ပြည်သူနဲ့ ဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်အောင် ဆောင် ရွက်နိုင်တဲ့ ဝန်ထမ်းတွေဖြစ်လာမယ်လို့ ယုံကြည်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
No comments:
Post a Comment