၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ လှိုက်လှဲစွာဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်း ဆက်သပါသည်။
လွန်ခဲ့သော (၇၅) နှစ်တာကာလတွင် မြန်မာနှင့်ရုရှားနိုင်ငံတို့သည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းတန်ဖိုးထားခဲ့ကြပါသည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဒေသတွင်းနှင့် အာဆီယံ၊ အေဆမ်နှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာများတွင် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများရှိသည့်အပေါ်တွင်လည်း များစွာ ကျေနပ်အားရမိပါသည်။
မိမိတို့အနေဖြင့် နှစ်နိုင်ငံသံတမန်ဆက်သွယ်ထူထောင်မှု (၇၅) နှစ်မြောက် စိန်ရတုအခါသမယကို ဆင်နွှဲလျက်ရှိသည့်အားလျော်စွာ ရှေ့လာမည့်နှစ်များအတွင်း နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် မိမိတို့နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားဖြစ်ထွန်းစေရန် ညှိနှိုင်းပူးပေါင်းဆောင် ရွက်မှုများကို မြှင့်တင်သွားရန်မျှော်လင့်ပါသည်။ တစ်ဆက်တည်းမှာပင် မိမိတို့ဝန်ကြီးဌာနနှစ်ခုနှင့် နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်၍ ပူးပေါင်းဆောင်ရွက်တတ်သော ဆက်ဆံရေးကို ခိုင်မာစေရန်အတွက် အဆွေတော်နှင့်အတူ ပူးတွဲအားထုတ်မှုများ လုပ်ဆောင်သွားရန် မိမိအနေဖြင့်အသင့်ရှိကြောင်း ပြောကြားလိုပါသည်။
အဆွေတော် ကျန်းမာ၊ ပျော်ရွှင်ပါစေကြောင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပြည်သူများ ရေရှည် သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
No comments:
Post a Comment