Monday, February 13, 2023

ဒေသ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဒေသအလိုက် ထုတ်လုပ်ဖြည့်ဆည်း

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိနိုင်ရေးမှာ လွန်စွာအရေးပါလှသည်။ လျှပ်စစ်ဓာတ်အားရရှိရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် လျှပ်စစ်ဓာတ်အား အခက်အခဲရှိနေဦးမည်ဖြစ်ကြောင်း၊ ယင်းမှာ ယခင်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရသည့်အတွက်လည်း ပါဝင်ကြောင်း နိုငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့် အစည်းအဝေးတွင် ပြောကြားခဲ့ပြီး ဓာတ်အားထုတ်လုပ်သုံးစွဲမှုများနှင့် စပ်လျဉ်း၍လည်း ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားခဲ့သည်။

မိမိတို့နိုင်ငံ၏ ဓာတ်အားစနစ်တွင် ရေအားလျှပ်စစ်စက်ရုံများက မိုးရာသီကုန်ဆုံးပြီးချိန်များတွင် ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းကျဆင်းခြင်း၊ ဓာတ်အားလိုင်းတာဝါတိုင်များကို အကြမ်းဖက် အဖျက်သမားများက အကြိမ်ကြိမ်ဖောက်ခွဲဖျက်ဆီးနေခြင်း စသည့် သဘာဝဖြစ်စဉ်အရရော၊ အနှောင့်အယှက်အဖျက်အဆီးများကြောင့်ပါ နိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ဓာတ်အားဖြန့်ဝေရာတွင် ဝန်အားလျှော့ချဖြန့်ဖြူး‌ပေးနေရသည်။ ဓာတ်အားလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် အထက်ရဲရွာရေအားလျှပ်စစ်၊ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်နှင့် သူ‌ဌေးရေအားလျှပ်စစ်စီမံကိန်းများမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မှုများနှင့်အတူ အလားအလာရှိသော ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိရာ တည်ဆောက်မှုများအတွက် ကာလတစ်ရပ်အချိန် ယူရဦးမည်ဖြစ်သည်။

“မိမိအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အတတ်နိုင်ဆုံး နိုင်ငံတော်၏ဓာတ်အားလိုအပ်ချက်ကို အပြည့်အဝမဟုတ်သော်လည်း ရာခိုင်နှုန်းမြင့်မြင့်မားမား ပြည့်မီအောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဒေသအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စပါးထွက်ရှိသည့်အတွက် စပါးခွံလောင်စာဖြင့် ထုတ်လုပ်သည့်လျှပ်စစ်၊ ဆိုလာလျှပ်စစ်နှင့် လေအားလျှပ်စစ်တို့ကို ဆောင်ရွက်ကြစေလိုကြောင်း” နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့ရာ ဒေသအလိုက် ဓာတ်အားထုတ်လုပ်ပြီး ဒေသတွင်းဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒေသရှိ အရင်းအမြစ်များဖြင့် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် နိုင်ငံတော်ဓာတ်အားပေးစနစ်ဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လက်ရှိကာလတွင် ၅၄ ဒသမ ၁၅ ရာခိုင်နှုန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု၏ ၇၅ ရာခိုင်နှုန်း အထက်သို့လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အနှောင့်အယှက်၊ အဖျက်အဆီးတို့ ကင်းရှင်းမှသာ လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီပြီးစီးအောင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည့်အလျောက် အကြမ်းဖက် အဖျက်လုပ်ရပ်များကို ဝိုင်းဝန်းကာကွယ်တားဆီးရေး၊ အဖိုးတန်လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲနိုင်ရေးတို့အတွက် ပြည်သူ့အားကို အထူးလိုမည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:

Post a Comment