မန္တလေး ဖေဖော်ဝါရီ ၁၂
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (၁၉)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလာသီရိအားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းနှင့် ဦးသိန်းဌေးတို့က အဝင်မုခ်ဦးရှေ့တွင် (၁၉)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံ ပန်းမန် ပြပွဲပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခင်းကျင်း ပြသထားသော ပြိုင်ပွဲအမျိုးအစားအလိုက် ယှဉ်ပြိုင်ကြသည့် သစ်သီးဝလံပန်းမန်များ၊ ဆုရသစ်သီးဝလံပန်းမန်များ၊ Mobile Solar ဖြင့် စိုက်ပျိုးရေး ရေတင်စနစ်ပြသနေမှုနှင့် ဌာနဆိုင်ရာအသိပညာပေးပြခန်းများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာနပြခန်းများကို လိုက်လံကြည့်ရှုအားပေးကြပြီးကြည့်ရှု လေ့လာကြသူ ပြည်သူများအား သစ်ပင်၊ ပန်းပင်များပေးဝေကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ၊ ဌာနဆိုင်ရာပြခန်းများနှင့် ပုဂ္ဂလိကပြခန်းများအား ဂုဏ်ပြုဆုငွေများနှင့် မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က (၁၉)ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၁၀ မျိုး၌ ဆုတံဆိပ် ၂၈ ဆုရရှိသော ဒေါ်စိမ်းမြမွန်(မြပုဏ္ဏမီသစ်ခွခြံ-ပြင်ဦးလွင်)အား တံခွန်စိုက် ဆုဖလား ချီးမြှင့်ပေးအပ်သည်။
အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား အလိုက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ၂၃ မျိုး ယှဉ် ပြိုင်ကြကာ ပထမဆု ငွေကျပ် သုံးသိန်း၊ ဒုတိယဆု နှစ်သိန်း၊ တတိယဆု တစ်သိန်း ငါးသောင်း နှင့် နှစ်သိမ့်ဆုများအား ငွေကျပ်ငါးသောင်းစီ ချီးမြှင့်ခဲ့ကြောင်း၊ ဌာနဆိုင်ရာပညာပေးပြခန်းများ၊ ပုဂ္ဂလိကပြခန်းများ ပြသထားကြောင်းနှင့် လာရောက်ကြည့်ရှု လေ့လာသူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment