Sunday, February 19, 2023

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့ မန္တလေးရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး

 


မန္တလေး ဖေဖော်ဝါရီ ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနနှင့်လုပ်ငန်း ဆက်စပ်နေသော မန္တလေးမြို့ရှိ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနနှင့် လုပ်ငန်းဆက်စပ်သော စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်း၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေနှင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မန္တလေးမြို့သန့်ရှင်းသာယာလှပမှု၊ စည်းကမ်းကျနမှုနှင့်အတူ တာဝန်ရှိသူများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နေမှု၊ ဆက်လက်ပြီးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတကာတွင်စီးပွားရေး အကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့နေရမှုနှင့်စီးပွားရေးမှအစပြု၍ ပြိုလဲမသွားစေရန် ကျားကန်ရင်ဆိုင်နေရမှု၊ မြန်မာနိုင်ငံတွင်လည်း စီးပွားရေးအရ ပြိုလဲမှုမဖြစ်စေရန်အပြင် ဖွံ့ဖြိုးတိုးတက်စေရန်ရုန်းကန်ဆောင်ရွက်နေမှု၊ ကုန်သွယ်မှုလိုငွေမဖြစ်စေရေး ကြိုတင် ကာကွယ်ဆောင်ရွက်နေမှု၊ သွင်းကုန်များချင့်ချိန်ဆောင်ရွက်နေမှုနှင့် ပို့ကုန်တိုးတက်စေရန် ဆောင်ရွက်နေမှု၊ ပြည်တွင်းအားကိုအလေးထားပြီး စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလုပ်ငန်း(MSME) များဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော်အစိုးရအနေဖြင့် “ရှေ့သို့လှမ်းချီပန်းတိုင်ဆီ” ဆောင်ပုဒ်နှင့်အညီ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များချမှတ်ပြီး လုပ်ငန်းများအောင်မြင်စေရန် စနစ်တကျစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့်လည်း တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များအားလုံးကိုယ်စား ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြစ်ပေါ်မှုအခြေအနေများ ကို ရှင်းလင်းဆွေးနွေးပြောကြားမှုနှင့်အတူ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများသည် ရင်းရင်းနှီးနှီးဖြင့် အတူတကွလက်ဖက်ရည်သုံးဆောင်ခဲ့ကြ သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာရှိ မြေဧရိယာ ၂ ဒသမ ၁၉ ဧက ပေါ်တွင်၊ ဉာဏ်တော်အမြင့် ၃၆ ပေဖြင့် တည်ဆောက်လျက်ရှိသော သီတဂူဆန်ချီစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရအားဖူးမြော်ကာ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ထီးတော်တင်လှူပူဇော်မည့်အခြေအနေများနှင့် စပ်လျဉ်းပြီးလျှောက်ထား၍ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment