Sunday, February 19, 2023

နိုင်ငံတကာဆက်ဆံရေး ခိုင်မာအားကောင်းရေးကြိုးပမ်း

 

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကာလကတည်းက ကမ္ဘာပေါ်ရှိ နိုင်ငံအများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံအများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ ဆက်ဆံနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအပေါ် မည်သည့်သဘောထားမူဝါဒဖြင့်ဆက်ဆံစေကာမူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရပ်တည်လျက်ရှိသည်။

“ယနေ့မျက်မှောက်ကမ္ဘာကြီးတွင် အရေးအကြီးဆုံးလိုအပ်နေသည့်အရာသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ပင်ဖြစ်ပါကြောင်း၊ ထိုအရာများသည် တသီးတခြားစီရပ်တည်၍မရဘဲ တစ်ခုနှင့်တစ်ခုအမှီသဟဲပြုနေရသည့် အရာများပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှုမရှိဘဲ တည်ငြိမ်မှုမရနိုင်သကဲ့သို့ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်မရနိုင်သည်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း၊ ယင်းလိုအပ်ချက်များပြည့်စုံရေးအတွက် မိမိတို့အားလုံးသည် နိုင်ငံတကာဆက်ဆံရေး ခိုင်မာအားကောင်းလာစေရန် မဖြစ်မနေကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၆ ရက်နေ့ကကျင်းပသည့် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင်ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးကြသည့်နိုင်ငံသည် အများစုဖြစ်သည်။ ကမ္ဘာပေါ်ရှိ ပြည်သူအများစုသည် ဒီမိုကရေစီစနစ်ကို လက်ခံနှစ်သက်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးစဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ရာ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာရေးအတွက် ဒီမိုကရေစီတန်ဖိုးများ၊ စံနှုန်းများနှင့်အညီ နိုင်ငံအချင်းချင်း ကူညီရိုင်းပင်းကြရမည်ဖြစ်သည်။ ကမ္ဘာ့မျက်နှာစာအသီးသီးတွင် ဒီမိုကရေစီစံနှုန်းများနှင့်အညီ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်ဦးနှင့်တစ်ဦးပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် စည်းကမ်းပြည့်ဝသည့် စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာတို့ကို ရင်ဆိုင် ကြုံတွေ့နေရသော်လည်း ကုလသမဂ္ဂအပါအဝင် ဒေသတွင်းရှိအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်လာသည့်အချိန်မှစ၍ ယနေ့အချိန်ကာလအထိ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်တစ်ခုအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံများအားကိုယ်စားပြုသည့် ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုနှင့် တရားမျှတမှုရှိပြီး သာယာဝပြောသည့် အသိုက်အဝန်းကြီးဖြစ်ပေါ်ရေးကို ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်သည်။

သို့သော် ကမ္ဘာပေါ်ရှိ ဒီမိုကရေစီကို တန်ဖိုးထားကျင့်သုံးနေပါသည်ဆိုသော အင်အားကြီးနိုင်ငံအချို့သည် နိုင်ငံငယ်များ၏ ပြည်တွင်းရေးကိစ္စများတွင် အကြောင်းအမျိုးမျိုးပြ၍ ဝင်ရောက်စွက်ဖက်ကာ နိုင်ငံတော်ကိုဆန့်ကျင်နေသည့် အဖွဲ့အမျိုးမျိုးတို့အား သွေးထိုးမြှောက်ပင့်ပေးပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်းမျိုးစုံအသုံးပြု၍ ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံငယ်လေးများအပေါ် မလိုတစ်မျိုး လိုတစ်မျိုးလုပ်ပြီး အားပေးထောက်ခံမှုများ၊ ခွဲခြားဆက်ဆံမှုများ၊ ဖိအားပေးအကျပ်ကိုင်မှုများ၊ အနိုင်ကျင့်ဗိုလ်ကျမှုများပြုလုပ်နေသည်ကို တွေ့ရသည်။ အမှန်တကယ်တွင် နိုင်ငံများ၊ ပြည်သူများက ဒီမိုကရေစီကျင့်စဉ်ကို နှစ်သက်သော်လည်း အခွင့်အာဏာရှိသူများက ဒီမိုကရေစီကိုအသုံးချ၍ ဖျက်ဆီးနေခြင်းဖြစ်သည်။

ယနေ့ကမ္ဘာကြီးတွင် အင်အားကြီးသူတို့က အင်အားနည်းသူတို့အပေါ် တစ်ဖက်သတ်ဝါဒစွဲဖြင့်၊ မတူညီသည့်နိုင်ငံရေးစနစ်ဖြင့် အတွေးအခေါ်များအပေါ် လွှမ်းမိုးထိန်းချုပ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် အစဉ်တစိုက်အားထုတ်နေကြသည်ကို သတိချပ်ဖို့လိုသည်။ အဆိုးဆုံးမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုအသုံးချ၍ အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေး၌ ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည်တို့ကို စိတ်ပျက်ဖွယ်တွေ့မြင်နေရသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် စစ်မှန်သောဒီမိုကရေစီစနစ်ကို တန်ဖိုးထားလေးစားကာ နိုင်ငံတကာဆက်ဆံရေးကို ခိုင်မာအားကောင်းအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးကိုရှေးရှု၍ ရှေ့သို့ချီမည်ပန်းတိုင်ဆီသို့ တက်လှမ်းသွားမည်ဖြစ်ပါကြောင်း။  

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment