Tuesday, February 14, 2023

ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံမှုမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသို့ဦးတည်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်အပေါ်တွင် အခြေခံ၍ ဆက်ဆံလျက်ရှိသည်။ အဆိုပါမူဝါဒကို အစဉ်အဆက် ဆက်လက်ကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံသည် ရှေးကာလများကတည်းက နိုင်ငံများနှင့် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်လျက်ရှိရာ နိုင်ငံများ၏မူဝါဒများ မည်သို့ပင်ရှိသည်ဖြစ်စေ မိတ်ဝတ်မပျက်ဆက်ဆံနေထိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကိုကြည့်လျှင် နိုင်ငံတကာဆက်ဆံရေးမူဝါဒကို အထင်အရှားတွေ့နိုင်ပေသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးစွာ ထိတွေ့ ဆက်ဆံလျက်ရှိသလို မူဝါဒမတူညီသော နိုင်ငံများ၊ အလွန်ဝေးလံသော နိုင်ငံများနှင့်လည်း ကူးလူးဆက်နွှယ်လျက်ရှိသည်။ ထိုသို့ဆက်ဆံရာတွင် တစ်နိုင်ငံ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို မိမိနိုင်ငံ၏ ပြည်တွင်းရေးတွင်လည်း ဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံပေ။ မူဝါဒနှင့်ခံယူချက်များ မတူကွဲပြားသော်လည်း မိတ်ကောင်းဆွေကောင်းနိုင်ငံများနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံအချို့၏ ဖိအားပေးမှုများ၊ စွက်ဖက်မှုများရှိနေသည့်ကြားတွင် မြန်မာနိုင်ငံအပေါ် စေတနာအရင်းခံဖြင့် ပေါင်းသင်းဆက်ဆံလျက်ရှိသည့် မိတ်ဆွေနိုင်ငံများရှိသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိနိုင်ငံများနှင့် မိတ်ဝတ်မပျက်ဆက်ဆံလျက်ရှိရာတွင် အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မိတ်ကောင်းဆွေကောင်းအဖြစ် ဆက်ဆံနိုင်သည်မှာ မင်္ဂလာတစ်ပါးဖြစ်သည်။ နှစ်နိုင်ငံအတွက် ကောင်းကျိုးများစွာဖြစ်စေသည်။ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရှေးဦးကာလများကတည်းက မိတ်ဝတ်မပျက် ကောင်းမွန်စွာဆက်ဆံခဲ့ကြသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံများနှင့်သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ရာ၌ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ (ယခင်ဆိုဗီယက်ပြည်ထောင်စု)နှင့် သံတမန်ဆက်သွယ်မှု စတင်ထူထောင်နိုင်ခဲ့သည်။ ယခုအခါ ရုရှား-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုသည် (၇၅)နှစ်မြောက် စိန်ရတုကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်နိုင်မှု (၇၅)နှစ်တာကာလအတွင်း အပြန်အလှန်ချစ်ကြည်ရင်းနှီးပေါင်းသင်းဆက်ဆံမှုများနှင့် နှစ်နိုင်ငံလက်တွဲပူးပေါင်း ဆောင်ရွက်မှုများအား မှတ်တမ်းရေးထိုးမော်ကွန်းတင်နိုင်ခဲ့ပေသည်။ သံတမန်ဆက်ဆံမှု (၇၅)နှစ်တာကာလအတွင်း နှစ်နိုင်ငံအစိုးရအကြား၊ တပ်မတော်နှစ်ရပ်အကြား၊ နှစ်နိုင်ငံပြည်သူများအကြား မိတ်ကောင်းဆွေကောင်းပီသစွာဖြင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ခဲ့သည်။ စစ်ဘက်ဆက်ဆံရေး၊ အရပ်ဘက်ဆက်ဆံရေးနှင့် နိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၌ မြှင့်တင်ဆောင်ရွက်နိုင်မှုများမှာ အားတက်စရာဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုကျော်မှစတင်၍ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာလာရာမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ရုရှား-မြန်မာဆက်ဆံရေးသမိုင်းမျက်နှာစာတွင် မှတ်တိုင်သစ်တစ်ခုစိုက်ထူနိုင်မှုသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး အရှိန်အဟုန်ကို ပိုမိုမြင့်မားအားကောင်းလာစေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် ရင်းနှီးခင်မင်စွာ ထိတွေ့ဆက်ဆံဆွေးနွေးနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သည့် စီးပွားရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာရလဒ်များပေါ်ထွက်လာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အောင်မြင်မှုသမိုင်းမှတ်တမ်းဖြစ်လာခဲ့သည်။

ရုရှား-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်ကာလတွင် ရုရှား-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံမှု ရှိရင်းစွဲတိုးတက်ဖြစ်ထွန်းမှုများတွင် အမြင့်မားဆုံးမှတ်တိုင်အဖြစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအပေါ်တွင် မိတ်ကောင်းဆွေကောင်းလက္ခဏာကောင်းများဖြင့် စိတ်ကောင်းစေတနာကောင်းထားကာ ခင်မင်ရင်းနှီးစွာ ဆက်ဆံပူးပေါင်းဆောင်ရွက်နိုင်မှုများသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ကောင်းမွန်တိုးတက်သောဖွံ့ဖြိုးမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း။  

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment