Saturday, February 25, 2023

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာန တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့်အတူ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန (Myanmar Centersfor DiseaseControland Training Center for Medical Staff- Myanmar CDC) တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။

အစွမ်းကုန်ညှိနှိုင်းပံ့ပိုးပေးလျက်ရှိ

ရှေးဦးစွာ တည်ဆောက်ရေးလုပ်ငန်းခွင် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာနသည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရေးသင်္ကေတတစ်ခုဖြစ်ပြီး ဒေသတွင်းနှင့် မိမိတို့နိုင်ငံ၏ ကမ္ဘာ့ကပ်ရောဂါများအပါအဝင် ကူးစက်ရောဂါများ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မရှိမဖြစ်လိုအပ်သော အရေးကြီးသည့် ကျန်းမာရေး ဗဟိုဌာနဖြစ်လာမည်ဖြစ်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို အစွမ်းကုန်ညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီမံကိန်းအချိန်မီပြီးစီးနိုင်ရန်အတွက် ထပ်မံလိုအပ်လာနိုင်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကူးစက်ရောဂါများနှင့်ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်ရေးနည်းပညာဆိုင်ရာ ပံ့ပိုးကူညီခြင်းအပြင် ရောဂါရှာဖွေစစ်ဆေးခြင်း၊ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် သင်တန်းလေ့ကျင့်ပို့ချခြင်းများကိုလည်း တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်မည်ဖြစ်၍ များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ CCCC Third Habouring Co., Ltd မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုအဆင့်ဆင့်နှင့် ဆောင်ရွက်ပြီးစီးမှုများ၊ လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ အမှတ်တရသစ်သီးခြင်း လက်ဆောင်ပေးအပ်သည်။

အကျိုးကျေးဇူးများစွာရရှိမည်

မြန်မာနိုင်ငံရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာန (Myan-mar CDC) တည်ဆောက်ရေးစီမံကိန်းသည် ယွမ် သန်း ၄၀၀ ခန့်တန်ဖိုးရှိသည့် စီမံကိန်းတစ်ခုဖြစ်၍ အုပ်ချုပ်မှုလုပ်ငန်းများအတွက် နှစ်ထပ်ဆောင်တစ်ဆောင်၊ ရောဂါနှိမ်နင်းရေးလုပ်ငန်းများနှင့် နိုင်ငံတကာအဆင့်မီဇီဝလုံခြုံမှုအဆင့်(၃)နှင့် အဆင့်(၂) (Biosafety Level 3 and 2) ဓာတ်ခွဲခန်းများပါရှိသော သုံးထပ်ဆောင်တစ်ဆောင်၊ ကျန်းမာ ရေးဝန်ထမ်းများ နေထိုင်လေ့ကျင့်သင်ကြားနိုင်မည့် သုံးထပ်သင်ကြားမှုဆောင် တစ်ဆောင်တို့ပါဝင်ပြီး စီမံကိန်းအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းတွင် မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများကို တရုတ်နိုင်ငံမှပညာရှင်များကလာရောက်၍ နည်းပညာများ လက်ဆင့်ကမ်းလေ့ကျင့်သင်ကြားပေးခြင်း၊ မြန်မာနိုင်ငံမှသင်တန်းသားများကို တရုတ်နိုင်ငံသို့ စေလွှတ်ပြီး လိုအပ်သောသင်တန်းများပို့ချပေးခြင်းတို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသတွင်းနှင့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာအဆင့်မီရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာနတစ်ခုအဖြစ် ပေါ်ပေါက်လာစေမည်ဖြစ်ပြီး ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ် ကြောင်း သိရသည်။             

သတင်းစဉ်

No comments:

Post a Comment