Saturday, February 25, 2023

နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေရန် မူဝါဒချမှတ်အကောင်အထည်ဖော်လျက်ရှိ ပြည်ပမှ ဆီတင်သွင်းဖြန့်ဖြူးသည့်လုပ်ငန်းရှင်များကလည်းပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်

 

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်တွင်းစားသုံးဆီတိုးမြှင့်ထုတ်လုပ်ရေးနှင့် စားသုံးဆီဖူလုံရေးကိစ္စများနှင့်စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ကျင်းပသည်။

ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေရန် မူဝါဒချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ဆီတင်သွင်းသည့်နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့်နိုင်ငံအဖြစ်သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရေးလမ်းညွှန်ချက် ပေးထားပါကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့တင်ပို့နိုင်သည့် အခြေ အနေသို့ရောက်ရှိအောင်ဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ကြိတ်ခွဲထုတ်လုပ်သည့်ဆီစက်လုပ်ငန်းရှင်များအပြင် ပြည်ပမှဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆီတင်သွင်းသူ လုပ်ငန်းရှင်အဖြစ်မှ ပြည်ပသို့ ဆီတင်ပို့သူ လုပ်ငန်းရှင်အဖြစ် ရောက်ရှိရေးစတင်ပြင်ဆင်ရမည့် အချိန်ဖြစ်ပါကြောင်း၊ နေကြာအပါအဝင်ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားလာစေရန်၊ ဆီစက်လုပ်ငန်းများတိုးတက်၍ အခွင့်အလမ်းကောင်းများရရှိနိုင်စေရန်နှင့် စားသုံးဆီထုတ်လုပ်မှုကဏ္ဍတစ်ရပ်လုံး မြင့်မားလာစေရေးအတွက် အသင်းအဖွဲ့များက ဦးဆောင်၍ စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင် များအသင်းနှင့် မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရေးနှင့် ဆီစက်များအဆင့်မြှင့်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆွေးနွေးပွဲမစတင်မီ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များနှင့်တွေ့ဆုံကာ နိုင်ငံတော်၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုဂ္ဂလိက ကဏ္ဍအားအသင်းချုပ်အနေဖြင့် အဓိကထားဦးဆောင်၍ ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာပူးပေါင်းရွက်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေး ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment