Wednesday, February 22, 2023

ပြည်သူများသက်ရှည်ကျန်းမာရေး ထက်မြက်သည့်ရလဒ်များထုတ်ဖော်

 


(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိရာ အခြေခံသုတေသနစာတမ်း ၁၈ စောင်၊ အသုံးချသုတေသနစာတမ်း ၃၂ စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းရှစ်စောင်၊ ပိုစတာစာတမ်း ၃၄ စောင် စုစုပေါင်းစာတမ်း ၉၂ စောင် တင်သွင်းဖတ်ကြားလျက်ရှိပြီး တင်သွင်းသောစာတမ်းများကို စိစစ်ရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုကျင်းပနေသော ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံမှ ထူးချွန်သော ကျန်းမာရေးသုတေသီများမှတစ်ဆင့် နိုင်ငံနှင့်ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့် ထက်မြက်သည့် ကျန်းမာရေးရလဒ်ကောင်းများရရှိလာနိုင်မည်ဖြစ်သည်။ ညီလာခံ၏ အဓိကဦးတည်ချက်ခေါင်းစဉ်မှာ “တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု ဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့” ဟုဖြစ်ရာ မျက်မှောက်ကာလအခြေအနေများနှင့် ထင်ဟပ်နေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်ဆက်စပ်အကျိုးပြုမည် ဟု ယုံကြည်ပါသည်။

“ကျန်းမာရေးသုတေသနလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ပြည်သူ့အကျိုးကိုရှေးရှုပြီး ပြည်သူတွေရဲ့ မျှော်မှန်းသက်တမ်း ယခုထက်ပိုမိုမြင့်မားလာစေဖို့အတွက် အခြေခံကျန်းမာရေးကောင်းမွန်ရေးနဲ့ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်စားသောက်ရေး၊ ရောဂါများကူးစက်ဖြစ်ပွားတတ်တဲ့ သဘောသဘာဝကို သိရှိကာကွယ်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ဆောင်ရွက်ပေးကြဖို့လိုပါတယ်။ ဒါ့အပြင် တိုင်းရင်းဆေးပညာဆိုင်ရာသုတေသနတွေ၊ နိုင်ငံတကာနဲ့ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတွေကို သုတေသနကျင့်ဝတ်တွေနဲ့အညီ တိုးမြှင့် ဆောင်ရွက်ပြီး တွေ့ရှိရတဲ့အချက်တွေကိုလည်း အခုလိုညီလာခံတွေကျင်းပခြင်း၊ ပြည်တွင်း၊ ပြည်ပသုတေသနဂျာနယ်တွေ၊ စာစောင်တွေထုတ်ဝေခြင်းစတဲ့ ပြည်သူတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးခြင်း၊ သတိပေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးကြဖို့လည်း အလွန်အရေးကြီးပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ညီလာခံသို့ ဂုဏ်ပြုစကားပေးပို့ ပြောကြားခဲ့သည်။

ယနေ့ကာလတွင် ကိုဗစ်-၁၉ ရောဂါပိုး၊ သွေးလွန်တုပ်ကွေးကဲ့သို့ ဗိုင်းရပ်စ်ပိုးများ၊ မျိုးကွဲ၊ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ရောဂါပြင်းထန်မှုများနှင့် ကပ်ရောဂါအသွင်ဖြစ်ပွားမှုများကို ပြည်သူများ လက်တွေ့ရင်ဆိုင်နေကြရသည်။ ထိုသို့ ရောဂါအသွင်ပြောင်းလဲဖြစ်ပေါ်လာမှုများကို စဉ်ဆက်မပြတ် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လေ့လာရေးနှင့် ကာကွယ်ကုသရေးတို့အတွက် ဆေးပညာသုတေသန စွမ်းဆောင်ရည် တိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်သည်။ တစ်ဆက်တည်းတွင် မကူးစက်တတ်သောရောဂါများဖြစ်သည့် ကင်ဆာ၊ ဆီးချို၊ သွေးချို၊ သွေးတိုးစသည့်ရောဂါများနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပွားတတ်သည့်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးသုတေသနလုပ်ငန်းများကိုလည်း ဦးစားပေးဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုကျန်းမာရေးကို အလေးထားရှေးရှု၍ လိုအပ်ချက်များကို ဆက်လက်ဖြည့်ဆည်းပေးနေပြီး နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားပေးလျက်ရှိသည်။ နိုင်ငံတော်၏လူမှုရေးဦးတည်ချက်တွင် “နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး”နှင့် အမျိုးသားကျန်းမာရေးသုတေသနမူဝါဒတွင် “ကောင်းမွန်သော သုတေသနအလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးခြင်းနှင့် သုတေသနလုပ်ငန်းဆောင်ရွက်နိုင်ရန် ကောင်းမွန်သော အခြေအနေဖန်တီးပေးခြင်းဖြင့် သင်ကြားရေးဆိုင်ရာဌာနများတွင် သုတေသနဆောင်ရွက်ရန်အားပေးရမည်” ဟူသည့် ဦးတည်ချက်နှင့်မူဝါဒများ အောင်မြင်အောင်ဆောင်ရွက်ရာတွင် ကျန်းမာရေးဆိုင်ရာ သုတေသနစာတမ်းများသည် ထိရောက်သည့် အထောက်အပံ့ကောင်းများဟု ဆိုရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူတိုင်း သက်တမ်းစေ့အသက်ရှည်ကျန်းမာစွာနေထိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးရည်မှန်းချက်ကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကဏ္ဍတွင် အရေးပါသည့် စွမ်းရည်ထက်မြက်သော သုတေသနရလဒ်ကောင်းများကို ထိရောက်စွာဖော်ထုတ်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment