အာရှတိုက်သည် လူ့ယဉ်ကျေးမှုအစောဆုံးထွန်းကားခဲ့ရာဒေသဖြစ်ပြီး ခေတ်သစ်အနောက်တိုင်း အတွေးအခေါ်များ၏ မြစ်ဖျားခံရာဖြစ်သော ဂရိနှင့်ရောမယဉ်ကျေးမှုတို့၏အခြေပြုရာ နောက်ခံကားချပ်သည် အရှေ့တိုင်းယဉ်ကျေးမှုပင်ဖြစ်သည်ဟု သုတေသီတစ်ဦးကဆိုသည်။ ရှေးအကျဆုံးယဉ်ကျေးမှုများထွန်းကားခဲ့သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြားတွင် နှစ်နိုင်ငံစလုံးနှင့် ထိစပ်တည်ရှိနေသော မြန်မာနိုင်ငံသည် ၎င်းတို့ထက် နောက်ကျစေကာမူ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထူထောင်ထားနိုင်ခဲ့သော နိုင်ငံဖြစ်သည်။
ယဉ်ကျေးမှုဟုဆိုရာတွင် ဒြပ်ရှိနှင့် ဒြပ်မဲ့ဟူ၍
နှစ်မျိုးခွဲခြားနိုင်ပြီး ဒြပ်ရှိယဉ်ကျေးမှုသည် ကိုင်တွယ်ထိတွေ့နိုင်သည့် ရုပ်ဝတ္ထုများ(အရိုးပြာအိုးမှသည်
နန်းတော်အဆောက်အအုံ များအထိ) ပါဝင်ပြီးဒြပ်မဲ့ယဉ်ကျေးမှုတွင် မူအနေအထိုင်၊ အပြောအဆို၊
အနုပညာ၊ စာပေနှင့်အတွေးအခေါ်၊ ဓလေ့ထုံးတမ်းအစရှိသည့် ကိုင်တွယ်ထိတွေ့မရနိုင်သည့်အရာများ
ပါဝင်သည်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများရှိကြပြီး
လူမျိုးတစ်မျိုး၏ လူနေမှုအဆင့်အတန်းနှင့် တွေးခေါ်မြော်မြင်မှုအဆင့်အတန်းတို့ကို ယင်းလူမျိုး၏
ကိုယ်ပိုင်ယဉ်ကျေးမှုသွင်ပြင်လက္ခဏာများနှင့် အနှစ်သာရတို့ပေါ်တွင် လေ့လာသုံးသပ်အကဲဖြတ်ကြခြင်းဖြစ်သည်။
ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ပျောက်လျှင် လူမျိုးလည်းပျောက်ကွယ်နိုင်သည်ကို လေးလေးနက်နက်စဉ်းစားပါက
သိရှိနိုင်သည်။
နိုင်ငံရေးရှုထောင့်မှကြည့်လျှင် နိုင်ငံတစ်နိုင်ငံ၏ကိုယ်ပိုင်
ယဉ်ကျေးမှုသည် ယင်းနိုင်ငံ၏ အမျိုးသားအင်အားစုတွင် ပါဝင်သည်။ ပထဝီနိုင်ငံရေး
(Geopolitics)ဆိုသော ဝေါဟာရ ကို စတင်သုံးစွဲခဲ့သည့်ပညာရှင် Rudolf Kjellen က အာဏာရရေးအတွက်
နယ်ချဲ့ရန်မလိုဘဲခေတ်မီနည်းလမ်းများအသုံးပြု၍ မိမိယဉ်ကျေးမှုပြန့်ပွားလာအောင် ပြုလုပ်ရမည်ဟုဆိုခဲ့ရာ
ယဉ်ကျေးမှုနယ်ချဲ့ခြင်းနည်းလမ်းဖြင့် လက်အောက်ခံ၊ ဩဇာခံ ဖြစ်လာစေနိုင်သည့် သဘောတရားပင်ဖြစ်သည်။
မျက်မှောက်ခေတ်တွင် အင်အားကြီးနိုင်ငံများက ၎င်းတို့၏ ကုန်အမှတ်တံဆိပ်များ၊ စားသောက်ဖွယ်ရာများ၊
တေးဂီတ၊ ရုပ်ရှင်၊ ရုပ်သံနှင့် ဖျော်ဖြေပွဲများ၊ ယဉ်ကျေးမှုပွဲတော်များနှင့် ၎င်းတို့၏ဓလေ့ထုံးစံများ
စသည်တို့ကို ကမ္ဘာသုံးဖြစ်လာအောင်၊ ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးဖြစ်လာအောင်၊ ကမ္ဘာ့ ယဉ်ကျေးမှုသဖွယ်ဖြစ်လာအောင်
မီဒီယာဆိုင်ရာ နည်းလမ်းမျိုးစုံတို့ဖြင့် ကမ္ဘာတစ်ခွင်သို့ ဖြန့်ချိလျက်ရှိကြသည်ကို
တွေ့နိုင်သည်။ မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ပျောက်ကွယ်မသွားရအောင် တိုက်တွန်းနှိုးဆော်သူ၊
ထိန်းသိမ်းသူ၊ ကာကွယ်စောင့်ရှောက်သူတို့ကိုမူ ခေတ်နောက်ပြန်ဆွဲသူများ၊ ရှေးရိုးဆန်၍
အမြင်ကျဉ်းသူများ၊ လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်သူများအဖြစ် စွပ်စွဲပုတ်ခတ်ကြသည်ကိုလည်း
တွေ့မြင်နိုင်ကြမည်ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့အတွေးအခေါ်
ဒဿနတို့မှာ ဗုဒ္ဓဘာသာကို အခြေပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နှစ်ကာလအားဖြင့်လည်း ထောင်နှင့်ချီ၍
ကြာမြင့်လျက်ရှိပြီဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာလူမျိုးအများစု၏ယုံကြည် ကိုးကွယ်ရာဖြစ်သော
ထေရဝါဒဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် စပ်လျဉ်း၍လည်းကောင်း
ပျက်စီးအောင်၊ သေးသိမ်အောင်နည်းလမ်းပေါင်းစုံဖြင့် ပြည်တွင်းပြည်ပမှ ပြုလုပ်နေကြသည်ကို
တွေ့ရသည်။ ရိုးရာယဉ်ကျေးမှုသည်မပျောက်မပျက်အောင် ထိန်းသိမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန်
လိုအပ်သကဲ့သို့ ခမ်းနားထည်ဝါလာအောင်မြှင့်တင်ပေးရန်လည်း လိုအပ်သည်။ ယဉ်ကျေးမှုအမွေအနှစ်များ၊
ဓလေ့ထုံးတမ်းအစဉ်အလာများကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ကြရစမြဲဖြစ်ရာ
မိမိတို့ခေတ်တွင် မိမိတို့၏ အမျိုးသားရေးတာဝန်ကို ကျေပွန်ကြရပါမည့်အကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်
No comments:
Post a Comment