နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် နိုင်ငံတော်၏ ပကတိအခြေအနေများအပေါ်မူတည်၍ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်ထွန်းလာရေးကို ရှေးရှုချမှတ် ဖော်ဆောင်နေသော လုပ်ငန်းစဉ်များဖြစ်သည်။ နိုင်ငံကိုတာဝန်ယူဆောင်ရွက် နေသောကာလအတွင်း အစ၊ အလယ်၊ အဆုံးသုံးပါးစလုံးအတွက် မမှိတ်မသုန်ခံယူ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များဖြစ်သည်။
ရှေ့လုပ်ငန်းစဉ်များအောင်မြင်ရေးကို အချိန်အခါမလင့်နှေးဖင့်မနေဘဲ
တက်စုံရွက်ကုန်ဖွင့်၍ အားလုံးတစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းဆောင်ရွက်ကြမှသာ ပန်းတိုင်သို့ရောက်ရှိမည်ဖြစ်သည်။
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ပြည်သူများပူးပေါင်းပါဝင်မြှင့်တင်ပေးနိုင်မှသာ
နိုင်ငံအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်သည်။ ပြည်သူတို့၏လူမှုစီးပွားဘဝများကို မြှင့်တင်ဆောင်ရွက်ပေးရာတွင်
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်နေသဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေးကို အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို
စတင်ဖွဲ့စည်းစဉ်ကပင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ
ဖွံ့ဖြိုးတိုးတက်ရေးကိုရည်မှန်း၍ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များနှင့်အညီ အကောင်အထည်ဖော်ခဲ့ပြီး
လက်ရှိအခြေအနေနှင့် ထင်ဟပ်ကိုက်ညီစေမည့် ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်မှုများကိုလည်း တစ်ဆက်တစ်စပ်တည်း
ပြုလုပ်လျက်ရှိသည်။ လက်ရှိအခြေအနေတွင် အချို့ဒေသများ၌ တည်ငြိမ်အေးချမ်းမှု လိုအပ်ချက်များရှိနေသေး၍
အချို့မြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့်များထုတ်ပြန်ပြီး တည်ငြိမ်အေးချမ်းရေးကို
ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းသည် ပြည်သူများအား
ထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ ဒေသခံပြည်သူလူထုအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင်လုပ်ဆောင်နေကြသည့်
အကြမ်းဖက်သမားများအား ထိထိရောက်ရောက်ဆောင်ရွက်နေခြင်းဖြစ်သည်။
တည်ငြိမ်အေးချမ်းမှုသည် ပြည်သူလူထုလူမှုစီးပွားဘဝနှင့်
တိုက်ရိုက်သက်ဆိုင်နေသဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး
လိုအပ်သည့်ဒေသများတွင် ပိုမိုအလေးထားဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ် တတိယအချက်ဖြစ်သည့်
“စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်
ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့် အချက်သည်
တိုင်းရင်းသားပြည်သူအားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ ပြည်ထောင်စုတည်ဆောက်ရေးတွင် ထိုစနစ်သည်
အသင့်မြတ်ဆုံးဖြစ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် လျော်ကန်သင့်မြတ်သည့် အုပ်ချုပ်ရေးအာဏာကို
မဖြစ်မနေခွဲဝေပေးရမည်ဟု နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည်။ ဖက်ဒရယ်အုပ်ချုပ်ရေးဆိုသည်မှာ
အာဏာခွဲဝေကျင့်သုံးခြင်းဖြစ်သည်။ ဖက်ဒရယ်ဆိုင်ရာလုပ်ပိုင်ခွင့်ကို ယခုကာလတွင်ပင် အကောင်အထည်ဖော်နိုင်သမျှ
ဆောင်ရွက်သွားမည်ဟုသိရသည်။
ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင်
ထိရောက်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း၊ တရားမျှတသည့်လမ်းကြောင်းကိုသွားနိုင်ရေးအတွက်
တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးကို ကြိုးပမ်း
ဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီစနစ်ကိုဆောင်ရွက်ရာတွင် တည်ငြိမ် အေးချမ်းရေးသည်
အရေးကြီးသဖြင့် ငြိမ်းချမ်းရေးကိုလည်း ဦးစားပေးဆောင်ရွက် လျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်
ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အပြုသဘောဆောင်သည့်ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်သည်။
တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်အကောင်အထည်ဖော်လျက်ရှိသည်။
ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်ဖြစ်သည့်
“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈
ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍
အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး
ဆက်လက်ဆောင်ရွက်သွားမည်” ဟူသောအချက်ပါရှိသည်။ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ
အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့် မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ
တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရန် နိုင်ငံရေးပါတီများအတွက်
လုံလောက်သည့်အချိန်တစ်ခုပေးနိုင်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏
အကျိုးစီးပွားကို ရှေးရှု၍ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ
လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်
No comments:
Post a Comment