သတ္တလောကကြီးတွင် လူနှင့်အတူ တိရစ္ဆာန်များနှင့် အခြားသက်ရှိဇီဝများလည်း အမြောက်အမြားရှင်သန်နေထိုင်ကြရာ လူနှင့်တိရစ္ဆာန်များအကြားတွင် ထင်မှတ်မထားဘဲ ပေါ်ထွက်လာသည့်ရောဂါအသစ်အဆန်းများက လူသားထုတစ်ရပ်လုံးကို မကြာခဏဆိုသလိုခြိမ်းခြောက်လျက်ရှိသည်။ ၂၁ ရာစုသို့အဝင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ဖြစ်ပွားခဲ့သည့်အထိတ်တလန့်ဖြစ်ဖွယ်ရောဂါများ၏ ၇၅ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မှလူသို့ကူးစက်သော ရောဂါများဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားလာခြင်း၊ ကမ္ဘာတစ်ဝန်းသို့ လူနှင့်ကုန်စည်များ အမြောက်အမြား လျင်မြန်စွာကူးသန်းသွားလာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့က တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါများ (Zoonosis)တို့ ပေါ်ထွက်လာရခြင်း၏ အခြေခံအကြောင်းရင်းများ ဖြစ်သည်ဟုဆိုသည်။
တိရစ္ဆာန်များဟုဆိုရာတွင် သားရိုင်းတိရစ္ဆာန်များနှင့်တကွ
ကျွဲ၊ နွား၊ ကြက်၊ ဝက် ကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များ၊ ခွေး၊ ကြောင် စသည့် ချစ်မွေးတိရစ္ဆာန်များလည်းပါဝင်သည်။
တိရစ္ဆာန်မှလူသို့ကူးစက်သောရောဂါ (Zoonosis) ဟူသည် ကျောရိုးရှိသတ္တဝါများမှ လူသို့သဘာဝအလျောက်
ရောဂါပိုးများကူးစက်ခြင်းဖြင့် လူတွင်ရောဂါဖြစ်ပွားခြင်းကိုဆိုသည်။ ကမ္ဘာအနှံ့တွင်
လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 နှင့် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်းဖြစ်ပွားခဲ့သည့်
ဆားစ်၊ မားစ်၊ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး၊ အီဘိုလာ၊ မျောက်ကျောက် စသည်တို့အပြင်
၂၀ ရာစုလူသားကမ္ဘာကိုခြိမ်းခြောက်ခဲ့သည့် HIV/AIDS စသည့် ရောဂါအပေါင်းတို့၏ မူလအစမှာတိရစ္ဆာန်များထံမှဖြစ်သည်။
တိရစ္ဆာန်မှလူသို့ကူးစက်သည်ဟုဆိုရာတွင် အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်ခြင်း၊ တိရစ္ဆာန်များ၏ခန္ဓာကိုယ်ရှိ
ကပ်ပါးကောင်များဖြစ်သော သန်း၊ လှေး၊ မွှားနှင့် သန်ကောင်များမှတစ်ဆင့်ကူးစက်ခြင်း၊
တိရစ္ဆာန်များ၏ သွေး၊ တံတွေး၊ ဆီး၊ မစင်တို့မှတစ်ဆင့် ကူးစက်ခြင်း၊ တိရစ္ဆာန်များ၏ခန္ဓာကိုယ်အရေပြား၊
အမွေးအမှင်တို့မှတစ်ဆင့်ကူးစက်ခြင်း၊ တိရစ္ဆာန်အစာရေတို့မှလည်းကောင်း၊ ကိုက်မိခြင်း၊
ကုတ်ခြစ်မိခြင်းတို့မှလည်းကောင်း ကူးစက်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် ကူးစက်နိုင်သည်ကို
သတိပြုကြရန်လိုသည်။
သားရိုင်းတိရစ္ဆာန်များ၊ မွေးမြူရေးတိရစ္ဆာန်များ၊
pet ခေါ် ချစ်မွေးတိရစ္ဆာန်များအားလုံးတို့သည် လူတို့အတွက် ရောဂါများကူးစက်စေနိုင်သည့်
အရင်းအမြစ်များဖြစ်စေကာမူ ကင်းကွာနေ၍မရသည့်အလျောက် ရောဂါကူးစက်မှုများဖြစ်ပေါ်မလာစေရန်
ဉာဏ်ပညာ၊ သတိတရားတို့ဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။ လူသားတို့စားသုံးရန် အသား၊ နို့၊ ဥ
စသည့်လိုအပ်ချက်တို့ မြင့်မားလာသည်နှင့်အမျှ တိရစ္ဆာန်များကို တိုး၍မွေးမြူလာကြရမည်ဖြစ်သလို
လူနေမှုစနစ်များပြောင်းလဲလာခြင်း၊ လူဦးရေတိုးပွားလာခြင်းတို့ကြောင့် အိမ်မွေးတိရစ္ဆာန်များမွေးမြူမှုများပြားလာခြင်း၊
တောရိုင်းတိရစ္ဆာန်များရောင်းဝယ်မှုမြင့်မားလာခြင်းတို့လည်း ဆက်လက် ဖြစ်ပေါ်နေဦးမည်ဖြစ်ရာ
အနာဂတ်တွင် တိရစ္ဆာန်မှ လူသို့ကူးစက်သည့်ရောဂါများ ကြောက်မက်ဖွယ်ရာ ထပ်မံဖြစ်ပေါ်မလာစေရေးအတွက်
သားရိုင်းတိရစ္ဆာန်များ ကာကွယ် ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊
မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံရေးကို အမြင့်မားဆုံးဂရုပြုရေး၊ တိရစ္ဆာန်များနှင့်အတူ
ယှဉ်တွဲနေထိုင်ရာတွင် ရောဂါများကူးစက်မခံရစေရေးအတွက် လူတိုင်းကျန်းမာရေးအသိအမြင်ဖြင့်
ကျင့်သုံးနေထိုင်ကြရေးတို့ကို အကျိုးမျှော်၍တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်
No comments:
Post a Comment